၂၀၁၁ ခုနှစ် အစောပိုင်း၌ ဖွဲ့စည်းခဲ့သည့်ညီညွတ် သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် အဖြစ်မှသျှမ်းပြည် တိုးတက် ရေးပါတီ / သျှမ်းပြည်တပ်မတော် (SSPP/SSA) နုတ်ထွက်လိုက် ကြောင်း SSPP / SSA သတင်း များအရ သိရှိရပါသည်။
“UNFC က အဖွဲ့အစည်း၊ လူမျိုး၊ ပြည်နယ် ဒီသုံးခုစလုံးပေါ်မှာ အခြေခံတယ်။ တိုင်းရင်းသားအဖွဲ့ ဖြစ်ရင် UNFC မှာ ၀င်ချင်ရင် ၀င်လို့ရတယ်။ သတ်မှတ်ထားတာ မရှိဘူး။ ပြည်နယ်ကို အခြေခံတဲ့မူကို ကျနော်တို့ လက်ခံတယ်။ ပြည်နယ် ကို အခြေခံရင် ကျနော်တို့ ၀င်မယ်။ အခုတော့ လေ့လာသူ အနေအဖြစ်ဘဲ ပါ၀င်မယ်” ဟု SSPP/SSA မှ အရာရှိတစ်ဦးက ပြောပါသည်။
ဧပြီ ၈ ရက်မှ ၁၀ ရက်အထိ ထိုင်းနယ်စပ် တစ်နေရာ၌ ကျင်းပခဲ့သော UNFC အစည်းအဝေးတွင် SSPP/SSA က အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ကြောင်း တရားဝင်စာတင်လိုက်ခြင်း ဖြစ်သည်။
လောလောဆယ် UNFC အနေဖြင့် ဖေဖော်ဝါရီလ အတွင်းက သဘောတူ ရေးဆွဲထားသော အခြေခံမူများ ပြင်ဆင် ရေးဆွဲလျက်ရှိသည်။
UNFC စတင်ဖွဲ့စည်းစဉ်က သျှမ်းပြည်တပ်မတော် တောင်ပိုင်းဟု လူသိများသည့် သျှမ်းပြည် ပြန်လည်ထူထောင် ရေး ကောင်စီ RCSS က ပါ၀င်ခဲ့ခြင်း မရှိပေ။ ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA က အမှန်တကယ် နုတ်ထွက်ပါက UNFC အတွင်း သျှမ်းတိုင်းရင်းသား အဖွဲ့ မရှိတော့သဖြင့် သျှမ်းပြည် အင်အားစု တစ်ခု အနေနှင့် RCSS ပါ၀င်လာလျှင် ကောင်းမည်ဟု UNFC အဖွဲ့ဝင် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောဆိုသည်။
“UNFC က တပြည်လုံး အတိုင်းအတာနဲ့ အပစ်ရပ်ရော မပစ်မရပ်ရော တိုင်းရင်းသား အင်အားစုတွေ စုဖွဲ့တာ ဖြစ်တဲ့ အတွက် သျှမ်းအမျိုးသား ဒါမှမဟုတ် သျှမ်းပြည်ကိုယ်စားပြုတဲ့ အနေနဲ့ တဖွဲ့ဖွဲ့ ပါရင်တော့ ကောင်းတာ ပေါ့။ မြောက် ပိုင်း SSPP ကအကြောင်းအမျိုးမျိုးကြောင့် ခဏ ရှောင်ထားပြီး တောင်ပိုင်းက RCSS ကို အစားထိုး ဖြည့်တင်းဖို့ ညှိနှိုင်း တာမျိုး ရှိမယ်ဆိုရင် ပိုကောင်းတဲ့ လက္ခဏာပါဘဲ။ RCSS က အပစ်မရပ်တဲ့ အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက် လှုပ်ရှားနေ တာမို့လို့ အလုပ်လုပ်ရင် ပိုပြီး အရေးပါတဲ့ သဘောရှိတာပေါ့”
UNFC ဖွဲ့စည်းစဉ်က အဖွဲ့ (၁၂)ဖွဲ့ ပါ၀င်ရာ ချင်း အမျိုးသား တပ်ဦး CNF ၊ ကချင် လွတ်လပ်ရေး အဖွဲ့ KIO ၊ ကရင် အမျိုးသား အဖွဲ့ KNO၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင် အမျိုးသား အစည်းအရုံး KNU၊ လားဟူး ဒီမိုကရက်တစ် အစည်းအရုံး LDU၊ ရခိုင် အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA၊ မွန်ပြည် သစ်ပါတီ NMSP ၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF ၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ PNLO၊ သျှမ်းပြည် တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ၀ အမျိုးသားအဖွဲ့ WNO တို့က ယခုနှစ် ဖေဖော်ဝါရီလ အတွင်း ဖွဲ့စည်းခဲ့ကြခြင်း ဖြစ်သည်။