အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ နှင့် ဗမာစစ်အုပ်စု ရွှေတြိဂံတွင် တိုက်ပွဲအပြင်း အထန်ဖြစ်

အမည်မသိလက်နက်ကိုင်တပ်ဖွဲ့ နှင့် ဗမာစစ်အုပ်စု ရွှေတြိဂံတွင် တိုက်ပွဲအပြင်း အထန်ဖြစ်
by -
သျှမ်းသံတော်ဆင့်

သံလွင်အရှေ့ခြမ်း ငလျင်သင့်ဒေသအတွင်းအမည် မသိလက်နက်ကိုင်တပ်ဖွဲ့နှင့်ဗမာစစ်တပ်အကြားတိုက်ပွဲ အပြင်း အထန်ဖြစ်ပွားခဲ့ကြောင်းဒေသခံသတင်း ရပ်ကွက်မှ သိရပါသည်။

“တိုက်ပွဲက  အကြာကြီးဘဲ မနေ့က မနက်ပိုင်းကနေ ညနေပိုင်းလောက်အထိကို ချကြတာ။ ဗမာတပ်နဲ့ ဘယ် တပ်ဖွဲ့တိုက်တာ လဲတော့မသိဘူး။ ဗမာတပ်ဘက်သေတဲ့သူလဲရှိတယ်။ ရွာသားကိုချောဆွဲပြီး အလောင်းတွေ ဒဏ်ရာရတဲ့သူတွေကို သွားထမ်းခိုင်းတယ်။ အမည်မသိတဲ့အဖွဲ့ကအင်အား ၆၀ -၈၀ ကြားရှိတယ်” - ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦးကပြောပါသည်။

ဧပြီ ၅ ရက် မနက်ပိုင်း၌ မိုင်းဖြတ်အခြေစိုက် နည်းဗျူဟာ ၃ လက်အောက်ခံ စကခ ၁၈ မှ ဒုဗိုလ်မှူးကြီး ဝင်းနိုင်ဦး ဦးဆောင်သည့် အင်အား ၄၀၀ ကျော်ရှိ စစ်ကြောင်းတကြောင်းနှင့် အမည်မသိလက်နက်ကိုင်တပ် ဖွဲ့ (အင်အား ၈၀ ခန့်) တစ်ဖွဲ့အကြား တာချီလိတ်ခရိုင် ပါလျော ကျိုင်းလပ်တိုက်နယ် (ငလျင်သင့် ဒေသ အနီး) အတွင်း တိုက်ပွဲတနေကုန်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

သျှမ်းပြည်တပ်မတော် အမှတ် ၁ ကျိုင်းတုံစစ်ဒေသ မှ အမည်မဖေါ်လိုသည့် တပ်မှူးတဦးက - ရွှေတြိဂံဒေသ အတွင်း သျှမ်းပြည်တပ်မတော် လှုပ်ရှားခြင်းမရှိသည်မှာ နှစ်နှင့်ချီ ရှိပြီဖြစ်ကြောင်း၊ သွားရောက်လှုပ်ရှား တိုင်း ဗမာ့တပ်မတော်က လိုက်လံတိုက်ခိုက်သောကြောင့် အခြေချ လှုပ်ရှားရန်ခက်ခဲကြောင်း၊ ယခုတိုက်ပွဲ တွင်လည်း သျှမ်းပြည်တပ်မတော် SSA/RCSS နှင့် သက်ဆိုင်ခြင်းမရှိကြောင်း သျှမ်းသံတော်ဆင့်သို့ ပြောပါ သည်။

အမည်မဖေါ်လိုသည့်ဒေသခံနောက်တဦးက - “စစ်ဝတ်စုံကိုကြည့်ရင် သျှမ်းစစ်သားနဲ့တူတယ်။ ဒါပေမယ့် ဘက်ခ်ျ ကို အမှတ်တံဆိပ်တွေတော့မတွေ့ရဘူး။   ဝ တပ်က သျှမ်းတပ်ဟန်ဆောင်ပြီး  ဒီဘက်လာလှုပ်ရှားတယ် လို့ တောင် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဝင်ထွက်တဲ့လူတွေကပြောတယ်” - ဟု ဆို၏။

အဆိုပါဒေသအတွင်း လှုပ်ရှားနေသောတပ်ဖွဲ့မှာ ၁၀ နှစ်ကျော် လွမ်းမိုးနေသည့် MTA လက်ကျန် နော်ခမ်း ခေါင်း ဆောင် သည့် လူသူလက်နက်အင်အား ၁၀၀ ကျော် ရှိသည့် ရွှေတြိဂံမူးယစ်ဂိုဏ်းရှိသည်။

အဆိုပါနော်ခမ်းအဖွဲ့သည် ဧပြီ ၂ ရက် ကမဲခေါင်မြစ်အတွင်း ပြေးဆွဲနေသည့်King Roman Casinoလောင်း ကစားရုံပိုင် တရုတ်လူမျိုး ၁၉ ယောက်ပါ စက်လှေ ၃ စီး အား ပြန်ပြေးဆွဲကာ တယောက်လျှင် တရုတ် ငွေ ယွမ် ၆ သောင်း ပြန်ရွေးရမည်ဟု သတင်းဖြန့်ထားသည်။ မရွေးလျှင် ဘာလုပ်မည်ကိုမူ ပြောဆိုခြင်း မရှိ ပေ။အဆိုပါ ကိစ္စ အား လောင်းကစားရုံကို ဆက်သွယ်မေးမြန်းထားသော်လည်း ‘တာဝန်ယူဖြေကြားသူမရှိ’ ဟုသာဖြေဆို ခဲ့သည်။