၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ဖြစ်ပွါးသော တိုက်ပွဲကို စီမံညွှန်ကြားသူမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် စစ်ဆင်ရေး ...
၁၃ ရက်နေ့မှ ၂၀ ရက်နေ့အထိ သျှမ်းပြည် တပ်မတော် SSPP/SSA နှင့် ဖြစ်ပွါးသော တိုက်ပွဲကို စီမံညွှန်ကြားသူမှာ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ ၂ ဗိုလ်ချုပ် အောင်သန်းထွဋ်တို့ ဖြစ်ကြောင်း ရပခ တိုင်းရုံးနှင့် နီးစပ်သူများက ပြောသည်။
မတ်ခ်ျလဆန်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ ကျေးသီး၊ မိုင်းရှူးမြို့နယ် ဒေသများသို့ နအဖစစ် အင်အား ၁၉ တပ်ရင်းထက် မနည်း ပို့ဆောင်ရာ ရပခ၊ ရမခ အောက် စကခ ၁၊ စကခ ၂ နှင့် စကခ ၁၆ လက်အောက်ခံ တပ်ရင်းများ ဖြစ်ကြသည်ဟု ဆိုပါသည်။
“၈ ရက်ကြာ သျှမ်းတပ်နဲ့ ဖြစ်တဲ့ တိုက်ပွဲမှာ ဗမာတပ်ဘက်က အယောက် ၃၀ ထက်မနဲ သေတယ်။ အယောက် ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ SSPP/SSA တပ်မှူးတယောက်ဆီက ကြားရတယ်” ဟု အမည်မဖော်လိုသည့် တောင်ကြီး ဒေသခံတဦးက ပြောသည်။
သျှမ်းပြည် တပ်မတော်ဘက်ကမူ ၃-၄ ယောက် ကျဆုံးကာ ၁၀ ယောက်ခန့် ဒဏ်ရာရသည်ဟု သိရသည်။
“အင်အားချင်းက မမျှတော့ သျှမ်းဘက်က ဗြောက်ကျားနည်းနဲ့ဘဲ ချတယ်။ ၁၈ ရက်ကတည်းက နှစ်ဖက်စလုံး ချိန်နေတဲ့ မိုင်းရယ် အနောက်ဖက် နောင်ချိုဖက်မှာတော့ ဒီနေ့အထိ သေနတ်သံ မထွက်သေးဘူး။ နအဖ-တရုတ် စစ်ဖက် နယ်ခြား ကော်မတီ အစည်းအဝေး ပြီးရင်တော့ မပြောတတ်ဘူး။ ဒါပေမယ့် ခုချိန်ထိ နအဖဖက်က တချို့နေရာတွေမှာ စစ်အင်အား ဖြည့်တင်းနေတာ တွေ့ရတယ် ” ဟု SSPP/SSA ကေဒါဟောင်းတဦးကလည်း ပြောသည်။
ယမန်နေ့ (၂၀ ရက် ) အထိ နအဖနှင့် သျှမ်းတပ်အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွါးနေဆဲ ဖြစ်ကြောင်း သိရသည်။
၂၀ ရက်က တိုက်ပွဲ ၂ ကြိမ်အနက် မွန်းလွဲ ၂ နာရီ ကျေးသီးနှင့် ဝမ့်ဟိုင်းကြား ပန်စေ့အုပ်စု ပါတက်ရွာတွင် သျှမ်းတပ် နောက်လိုက်ရင်း မိနစ် ၂၀ ခန့် ပစ်ခတ်ခဲ့ရသည့် တိုက်ပွဲနှင့် မွန်းလွဲ ၂ နာရီခွဲ မိုင်းရှူးအရှေ့မြောက်ဖက် မိုင်းအောတ် အုပ်စု မန့်ဝိန်းရွာနှင့် လွယ်နိုင်းရွာအကြား နာရီဝက်ခန့် ပစ်ခတ်ခဲ့ရသည့် တိုက်ပွဲ ဖြစ်သည်။
“လွယ်ချိုတပ်ကနေ သံလွင်မြစ်ဖက် ဆင်းသွားတဲ့ ကားလမ်းမှာလဲ နအဖတပ်က မိုင်းနင်းမိတာ များတယ်။ ဒီနေ့ မနက် ရ နာရီခွဲ လောက်ကလဲ မိုင်းကောင်ဝ် ဆေးပေးခန်းကို ထမ်းလာတာ တွေ့ရတယ် ” ဟု မိုင်းကောင်ဝ် ဒေသခံတဦးက ပြော သည်။
ထို့ပြင် သံလွင်အရှေ့ခြမ်းမှ နအဖ စစ်ကား ၁၅ စီးခန့် ကွန်ဟိန်းဖက် ဖြတ်သန်းလာသည်ကို တွေ့ရကြောင်း၊ တစီးလျှင် အနည်းဆုံး လား၊ မြင်း ၆ ကောင် စုစုပေါင်း မြင်း ၉၂ ကောင် တင်ကာ နမ့်ဇန်ဘက်သို့ ဆင်းသွား သည်ကို တွေ့ရကြောင်း ကွန်ဟိန်းဒေသခံ ဝန်ထမ်းတဦးကလည်း ပြောသည်။
SSPP/SSA တပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကမူ ၁၈ ရက်နှင့် ၁၉ ရက်နေ့ တိုက်ပွဲများအကြောင်းကို ဤကဲ့သို့ ပြောပြသည်။
“၁၉ ရက် တိုက်ပွဲ ၂ နေရာဖြစ်တယ်။ သီပေါမြို့နယ် နားမခေါ်ရွာအရှေ့ဖက်နားမှာ ကျနော်တို့ သျှမ်းတပ်ဖက်က ဗိုလ်ကြီး ခေါန်းအောန် ဦးဆောင်တဲ့ အမှတ် ၁၃၇ တပ်ရင်းနဲ့ ဗမာဘက်က နောင်ကော့အခြေစိုက် ခလရ ၁၄၇ တပ်။ တိုက်ပွဲက ၄၅ မိနစ်လောက်ကြာတယ်။ နောက်တနေရာက နမ့်မမောက်တောင်းဂွင်က တင်းဟိုင်းရွာမှာ ဖြစ်တာ။ နမ့်ပေါင်အခြေစိုက် ခလရ ၂၉၁ က အင်အား ၁၆၀ လောက်ရှိတယ်။ ကျနော်တို့ဘက်ကတော့ ဗြောက်ကျားနည်းနဲ့ဘဲ တိုက်တယ်။ ရန်သူဖက် က ၄ ယောက်ကျ ၆ ယောက် ဒဏ်ရာရ။ ကျနော်တို့ဘက်ကတော့ ၁ ယောက်ကျတယ်။ တိုက်ပွဲက ၁ နာရီကြာတယ်” ဟု ဆို၏။
၁၈ ရက်တွင်မူ လွယ်ချိုတပ်အရှေ့ဖက် သံလွင်မြစ်အဆင်းလမ်း၌ ၅ နာရီကြာ ပစ်ခတ်မှုများရှိခဲ့ကြောင်း၊သျှမ်း တပ် ဖက် မှ ဗြောက်ကျားနည်းဖြင့် ၄- ၅ နေရာမက တိုက်ခိုက်ခဲ့ကြောင်း၊ နအဖဖက်မှ ၁၀ယောက်ခန့်သေ သကဲ့သို့ စစ်အင်အား ဖြည့်တင်းမှုများလဲရှိခဲ့ကြောင်း ၎င်းကဆက်ပြောပြသည်။
၁၉ ရက် မိုင်းရယ်နှင့်စိန်ကျော့အနီး၌က တံတား ၂ စင်းကို သျှမ်းတပ်ဖွဲ့က ဗုံးခွဲ ဖျက်ဆီးလိုက်သည်ဟု သိရသည်။
၂၁ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ တွင်လည်း မိုင်းရယ်- ဆိုင်ကျော့- ဆောင်ကေးလမ်းရှိနမ့်လောင်း ချောင်းကူး သံတံတားနှင့် မိုင်းရှူး-မိုင်းနောင်လမ်းပေါ် ရှိ တံတားတစင်းကို ၁၉ ရက်မနက် ၄ နာရီက SSA (ဝမ့်ဟိုင်း) အဖွဲ့က မိုင်းခွဲ ဖျက်ဆီးလိုက်သည်ဟု ဖော်ပြထားသည်။