သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် နအဖတပ် အကြား တိုက်ပွဲများ ဖြစ်ပွားရာ နအဖ၏ အရာခံ ဗိုလ်နှင့် တပ်မှူးတချို့ ကျဆုံးခဲ့သည်ဟု သိရသည်။ ...
သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် နအဖတပ် အကြား တိုက်ပွဲများ ဖြစ်ပွားရာ နအဖ၏ အရာခံ ဗိုလ်နှင့် တပ်မှူးတချို့ ကျဆုံးခဲ့သည်ဟု သိရသည်။
အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်မည့် သျှမ်းပြည် အလယ်ပိုင်း ခိုလမ်မြို့နယ်ခွဲသစ် တဝိုက်တွင် အရှေ့ အလယ်ပိုင်းတိုင်း လုံခြုံရေး တပ်များဖြစ်သော ကွန်ဟိန်းအခြေစိုက် ခလရ ၂၄၆ ၊ ခမရ ၅၂၄ နှင့် သျှမ်းပြည်တပ် မတော် (တောင်ပိုင်း)တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခြင်း ဖြစ်ကြောင်း တောင်ကြီးရောက် ခိုလမ် ဒေသခံတဦးက ပြောသည်။
“၁၀ ရက် ညနေမှာ ခိုလမ်နဲ့ ကွန်ဟိန်းကြား နမ့်လင်းရွာ တောင်ပေါ် ပလောင်ရွာမှာ ဖြစ်တယ်။ ခိုလမ်ရဲ့ မြောက်ဖက် ကွန်ဟိန်း အနောက်ဖက် ၁၅ မိုင်အကွာမှာ ဖြစ်တာ။ ဗမာတပ်ဖက်က အရာခံဗိုလ် တယောက် အပါအဝင် ၆ ယောက် သေတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ရွာသားတွေရဲ့ စပါးပုံတွေကို ဗမာတပ်တွေက မီးရှို့ ဖျက်ဆီးလိုက်တယ်” ဟု အဆိုပါ ခိုလမ်ဒေသခံက ပြောသည်။
၁၁ ရက်နေ့တွင်လည်း တိုက်ပွဲ ထပ်မံဖြစ်ပွါးခဲ့သဖြင့် အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်မြတ်ထွန်းဦးကိုယ်တိုင် ကျေးရွာ ၃ ရွာအားမတ်ခ်ျလကုန်အပြီး ခိုလမ်သို့ပြောင်းရွှေ့နေထိုင်ခိုင်းသည်ဟု ဆို၏။
“ ဒီတိုက်ပွဲမှာတော့ ၂၄၆၊ ၅၂၄ တပ်တွေနဲ့အတူ ခိုလမ်စခန်းထိုင် ခလရ ၆၆ လဲပါတယ်။ အင်အား ရ၀ နဲ့ ၈၀ ကြားရှိတယ်။ ခိုလမ်မြို့နယ်ခွဲ မန်းကျော်အုပ်စုက နောင်ဟိတ်ရွာမှာဖြစ်တာ။ တိုက်ပွဲပြီးတာနဲ့ နောင်ဟိတ်ရွာ အပါအဝင် အဲ့နားတဝိုက်က နားမောင်ရွာနဲ့ နောင်ဟိုင်းရွာကို ခိုလမ်မြို့ပေါ်အဓမ္မပြောင်းနေခိုင်းတယ်။ မတ်လကုန်အပြီးပြောင်း ခိုင်းတာ” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။
နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိဖြစ်ပွါးသော အဆိုပါတိုက်ပွဲတွင်နအဖတပ်သား အများအပြားသေဆုံး ဒဏ်ရာရ ကာ စစ်ဗိုလ် ၂ ဦးလဲ ပါဝင်သည်ဟု ဆို၏။ သျှမ်းပြည်တပ်မတော်ဘက်တွင်မူ အနည်းအကျဉ်းဒဏ်ရာရ သည်ဟုဆိုပါသည်။
အလားတူ ကွန်ဟိန်း-ကာလိကားလမ်းတောင်ဖက်ခြမ်း နမ့်တွက်ရွာ၊ နားလွယ်ရွာ၊ ကောင်းဟတ်ရွာ၊ ပန်ပေါဝ်းရွာ၊ မိုင်းလင်းရွာနှင့် နောင်တောင်းဝ်ရွာ ၆ ရွာကိုလည်း ယခုလကုန်အပြီး နမ့်ဇန်ကွန်းဟိန်းကားလမ်း ပေါ် ရှိ လိုင်းကမ်နှင့် ကုန်းပေါင်းရွာအကြားသို့ ပြောင်းရွှေ့နေရန် ယခုလ ၉ ရက်နေ့က ခမရ ၂၄၆ က ဗိုလ်မှူးကျော်ဇောကအမိန့်ချခဲ့သည်။