စက်သုံးဆီရရေး မိုးလင်းပေါက် လူငှားတန်းစီ စောင့်ပေးရ

စက်သုံးဆီရရေး မိုးလင်းပေါက် လူငှားတန်းစီ စောင့်ပေးရ
by -
သျှမ်းသံတော်ဆင့်

ဝန်ထမ်းများ လစာတိုးမည်ဟု သတင်းထွက်နေသဖြင့် စက်သုံးဆီ အပါအဝင် စားသောက်ကုန်ဈေးနှုန်းမြင့် တက်လာကြောင်း မိုးညှင်း (မိုင်းယန်း)မှလာသော သတင်းအရ သိရသည်။ ...

ဝန်ထမ်းများ လစာတိုးမည်ဟု သတင်းထွက်နေသဖြင့် စက်သုံးဆီ အပါအဝင် စားသောက်ကုန်ဈေးနှုန်းမြင့် တက်လာကြောင်း မိုးညှင်း (မိုင်းယန်း)မှလာသော သတင်းအရ သိရသည်။

မြန်မာနိုင်ငံမှ ဓါတ်ဆီဆိုင် (ဓာတ်ပုံ-မိုးကျော်လွင်)“ကျမတို့ဘက်က ဖားကန့်နဲ့နီးတယ်မဟုတ်လား။ ကျောက်တွင်းမှာ ယန္တယားတွေချည်းဘဲသုံးတော့ စက်သုံးဆီက မလောက်ချင်ဖြစ်နေတာ။ အဓိကက အလုအယက် ဝယ်ကြတာတကြောင်း၊ ဝန်ထမ်းတွေလစာ တက်မယ်ဆိုတဲ့ သတင်း ကြောင့်တကြောင်း နောက်ပြီး လိုင်ဇာဂိတ် ပိတ်လိုက်တာက တကြောင်း- အကြောင်းကြောင်းကြောင့်ပေါ့ ဆီဈေးတွေ တဟုန်ကြီး ထိုးတက်သွားတာ” ဟု အမည်မဖော်လိုသည့် ပညာရေးဝန်ထမ်း တဦးကသျှမ်းသံတော်ဆင့် သို့ပြောပြသည်။

ကချင်ပြည် မိုးညှင်းမြို့တွင် ယခုတပတ်အတွင်း စက်သုံးဆီဝယ်ယူသုံးစွဲရန် အခက်အခဲတွေ့နေကြရခြင်းဖြစ်ပြီး ဆီဝယ် ယူနိုင်ရေးအတွက် ညကတည်းကသွားရောက် တန်းစီစောင့်ယူရကြောင်း ကျောင်းသားမိဘတဦးကလည်း ပြောသည်။

“ကျမတို့လို သွားမစောင့်နိုင်တဲ့လူတွေအတွက်ကျတော့ သွားစောင့်ပေးမယ့်လူ (ပွဲစား) ငှားရတာပေါ့။ တခါအတွက် ၂၀၀ ကျပ်ပေးရတယ်။ ညလုံးပေါက်စောင့်တယ်၊ ဆိုင်ကယ်အစီး ၁၀၀ ကျော်အတွက်ပေါ့။ မနက်မိုးလင်းမှ ဆီထုတ်ရတယ်။ တခါတလေ ကိုယ့်အလှည့်ရောက်ခါနီးမှ ဆီကုန်ပြီ ဆိုရင်နောက်တရက် ထပ်စောင့်ရတာမျိုးလဲ ရှိတာပေါ့။ အရမ်းကိုအခက်အခဲဖြစ်ရတယ်” ဟု ဆို၏။

ဆီထုတ်စာအုပ်ရှိသူများအနေဖြင့် ယခင်က တပါတ် ၂ ခါ ဆီထုတ်ယူနိုင်သော်လည်း  ယခုအခါ ဆီစာအုပ်ရှိ သည်ဖြစ်စေ မရှိသည်ဖြစ်စေ အလုအယက် တန်းစီဝယ်ယူကြသဖြင့် တာဝန်ယူထုတ်ပေးသောအေးရှားဝေါလ် အဖို့ မည်သို့ မျှမတတ် နိုင် ကြောင်း၊ ပါးနပ်သောပွဲစားများမှာမူ တရက် ရ ခေါက် ၈ ခေါက်အထိ ရကြောင်း သူမက ဆက်ပြောသည်။

စက်သုံးဆီဈေးနှုန်းမှာ ကျပ် ၃၈၀၀ မှ ၄၂၀၀- ၄၅၀၀- ယခု ၆၀၀၀ အထိ ဈေးတက်လာခြင်းဖြစ်သည်။  ဆီဈေး အပြင် အခြားသော စားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ဆား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများလည်းဈေးတက် ကြောင်း အဆိုပါ အိမ်ရှင်မက ဆက်လက်ပြောပြသည်။

“ အရင်က အဲလောက်မခက်ဘူးဆိုတာက လိုင်ဇာဂိတ်ကနေ တရုတ်က ဆီတွေ ဝင်တယ်လေ။ အခု လိုင်ဇာလဲ ပိတ်လိုက် ပြီဆိုတော့ အဲဒီဆီတွေလဲ စင်ကာပူကနေ ပတ်လာရတယ်ဆိုပြီး အဆမတန်ဈေးကြီးတာ။ ဝန်ထမ်း မဟုတ်တဲ့ လူတွေလဲ ဆီစာအုပ်ထုတ်ပေးဖို့ တခါက တောင်းဖူးတယ်။ အာဏာပိုင်တွေက မထုတ်ပေးဘူးလေ။ ရှုပ်မှာစိုးလို့ လို့ပြေတယ်။ ကျနော်တို့အမြင်မှာတော့ လူတိုင်းကိုဆီစာအုပ်ထုတ်ပေးရင် အခုလို အလုအယက်လဲ ဖြစ်လာမှာမဟုတ်ဘူး။” ဟု မိုးညှင်း မြစ်ကြီးနား ကားဆရာတဦးကလည်း ပြောပြသည်။

ထိုသို့ ဆီဈေး တက်ရခြင်းမှာ ဌာနဆိုင်ရာဝန်ထမ်းများ လစာ  ကျပ်  ၃၅,၀၀၀ မှ ၁၀၀,၀၀၀ အထိတိုးမြင့်ပေးမည် ဟု သတင်းထွက်နေခြင်းကြောင့်တကြောင်း၊ လိုင်ဇာဂိတ် ပိတ်လိုက်ခြင်းကြောင့်တကြောင်း၊ ရေနံထွက်သည့် အရှေ့အလယ် ပိုင်းနိုင်ငံများတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့်တကြောင်း ဆက်စပ်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်ကြီးများက သုံးသပ် ပြောဆိုနေကြသည်။

Most read this week