မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံမှ အေးဂျင့် တစ်ဦးသည် TV ဂိမ်း လောင်းကစားရာမှ ငွေကြေးဥစ္စာ အမြောက်အများ ဆုံးရူံး သွားပြီးနောက် ဖေဖေါ်ဝါရီလ ၂၈ ရက်၌ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ကြောင်း သိရ...
မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံမှ အေးဂျင့် တစ်ဦးသည် TV ဂိမ်း လောင်းကစားရာမှ ငွေကြေးဥစ္စာ အမြောက်အများ ဆုံးရူံး သွားပြီးနောက် ဖေဖေါ်ဝါရီလ ၂၈ ရက်၌ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့သား အသက် ၃၀ အရွယ် ကိုကြိုင်ရွေမြတ် ဆိုသူ ကြိုးဆွဲချ အဆုံးစီရင်သွားခြင်း ဖြစ်သည်။
၎င်းနေ့ ညနေပိုင်းက မူစယ်မြို့အနီး ရွှေလီမြစ်ကမ်းနံဘေး လားကျန့်ဆိုသည့် နေရာတွင် ၎င်းကြိုးဆွဲချ သေဆုံးနေသည်ကို ရဲများ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မူစယ် ဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“တနေ့က ညနေမှာတွေ့တာ ကြိုးဆွဲချပြီး သေနေတာ။ သေချာတာကတော့ TV ဂိမ်းရူံးပြီးတော့ သူ့ဆိုင်ကယ်ရော သူများ ဆိုင်ကယ်တွေရော ပေါင်ထားတယ်။ တခြား ငွေရေးကြေးရေးကိစ္စ တွေလည်း ရှိမယ်ထင်တယ်။ သူသေတဲ့ဘေး နားမှာ အရက်ပုလင်းတွေ ဘီယာပုလင်းတွေရော ရှိတယ်” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ယမန်နေ့ ၎င်း၏ ရုပ်အလောင်းကို မြေမြုပ်သဂြိုလ်လိုက်ကြောင်း သိရသည်။
“သူ အေးဂျင့်လုပ်နေတာ ၁၀ နှစ်လောက်ရှိပြီ စိတ်ညှစ်သွားပုံ ရတယ်။ လောင်းကစားရှုံးလို့လေ ဒီမှာ ခိုးမှုတွေ နေ့စဉ် ဖြစ်နေတာလဲ လောင်းကစားကြောင့်ပဲ။ လက်လုပ်လက်စား ကုန်ထမ်းသမားတွေ စာရိတ္တ ပျက်နေတာလဲ လောင်းကစားကြောင့်ပဲ။ ဒီလောင်းကစားရုံတွေ တရားဝင်ပုံစံမျိုးကို လုပ်နေတာ” ဟု ဒေသခံ နောက်တစ်ဦး ညည်းပြသည်။
မူစယ်မြို့တွင် TV ဂိမ်းလောင်းကစားရုံ ၂၀ ကျော်ခန့်ရှိပြီး ၂၄ နာရီပတ်လုံး လောင်းကစားသမားများဖြင့် စည်ကား နေသည်ဟုဆိုသည်။