မိမိဆန္ဒ အလျောက် UWSA သို့ဝင်လျင် ဘတ်ငွေသောင်းချီ ပေးမည်ဟုဆို

မိမိဆန္ဒ အလျောက် UWSA သို့ဝင်လျင် ဘတ်ငွေသောင်းချီ ပေးမည်ဟုဆို
by -
သျှမ်းသံတော်ဆင့်

အသက် ၁၇- ၁၈ နှစ်အထက် ဒေသခံ အမျိုးသားများ မိမိဆန္ဒအလျောက်  ဝ စစ်တပ်သို့ ဝင်ရောက် စစ်ရေး လေ့ကျင့်၊ စစ်မှုထမ်းပါက ၎င်း၏ မိသားစုအား ဘတ်ငွေ သောင်းချီ ပေးမည်ဟု ကျိုင်းတုံမြို့နယ် အချို့အုပ်စု ...

အသက် ၁၇- ၁၈ နှစ်အထက် ဒေသခံ အမျိုးသားများ မိမိဆန္ဒအလျောက်  ဝ စစ်တပ်သို့ဝင်ရောက် စစ်ရေး လေ့ကျင့်၊ စစ်မှုထမ်းပါက ၎င်း၏မိသားစုအား ဘတ်ငွေ သောင်းချီ ပေးမည်ဟု ကျိုင်းတုံမြို့နယ် အချို့အုပ်စု များ၌ တိတ်တဆိတ် စည်းရုံးနေကြောင်း ကျိုင်းတုံ သတင်းရပ်ကွက်က ဆို၏။

ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် စစ်အင်အား ပြနေပုံ (ဓာတ်ပုံ- S.H.A.N.)“စည်းရုံးနေတာ ဒေသခံသျှမ်းတွေဘဲ။ ဝ တပ်ထဲ  ၆ လ စစ်ရေးလေ့ကျင့်ဖို့ သဘောတူရင် သူ့မိသားစုကို ဘတ် ငွေ ၅ သောင်း ပေးမယ်တဲ့။ ကျပ်ငွေ ဆိုရင် ၁၅ သိန်းလောက် ရှိမှာပေါ့။ စစ်သင်တန်းပြီးရင် အိမ်ပြန်ပို့မယ်။ လိုအပ်တဲ့ အချိန် ပြန်ခေါ်ရင် ချက်ချင်းသွား ရမယ်ဆိုဘဲ။ စစ်သင်တန်းပြီးလို့ အိမ်မပြန်ဘူး တပ်ထဲမှာဘဲ နေဖို့ သဘောတူရင် မိသားစုကို  ဘတ် ရ သောင်း ၅ ထောင် ပေးမယ်လို့ ပြောတယ်” ဟု ကျိုင်းတုံမြို့ မိုင်းယန်း အုပ်စုနေ ဒေသခံတဦးက ပြောသည်။

ထိုသို့ မထင်မရှား လှုံ့ဆော်မှုမှာ အဓမ္မနည်းဖြင့် မဟုတ်ဘဲ မိမိဆန္ဒ အလျောက်ဟုသာ ပြောဆိုကြောင်း ၎င်း ဒေ သခံက ဆက်ပြောပြသည်။

“ ဗမာစစ်တပ်လို သျှမ်းစစ်တပ်လို ပြည်သူ့စစ်တပ်ဖွဲ့တွေလို အဓမ္မကောက်တာ မဟုတ်ဘူး။ အကျိုးအကြောင်း ပြောပြပြီး ဝင်ချင်မှဝင်ပါ လို့ပြောတယ်။ ကျနော်တို့ အပိုင်းမှာ ဝ တပ်ထဲဝင်သွားတဲ့လူငယ် ရ ယောက် ၈ ယောက် ရှိပြီ။” ဟု  တိုက်နယ်အကြီး အကဲတဦးက ပြောသည်။

နအဖ စစ်အုပ်စု၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး  ငြင်းဆန်ပြီးနောက်ပိုင်း ဝ နယ်ခြား တလျှောက် နအဖ စစ်အင်အား တပ်ချထားသကဲ့သို့ ဝ ဘက်ကလည်း မိမိကိုယ်မိမိ ခုခံကာကွယ်ရန် တပ်အင်အားပိုမို စုဆောင်းလာခြင်း ဖြစ်သည်။

ဂျန္နဝါရီလ ကတည်းက စ၍ ဝ တပ်ဖွဲ့ စည်းရုံးရေးဆင်းနေသည်မှာ မိုင်းယန်း၊ မိုင်းခတ် ဒေသဘက်တွင်ဖြစ်ပြီး ကျိုင်းတုံ တောင်ဘက် မိုင်းပတ်၊ မိုင်းခွမ် ဘက်တွင်မူ လားဟူပြည်သူ့စစ်က တပ်သား၊ အရာရှိသင်တန်းတက် ရန် အတွက်  နာမည်စာရင်းလိုက်ကောက် နေသည်ဟုလည်း သိရ၏။ ပြည်သူ့စစ်သင်တန်းပြီးဆုံးပါက နအဖ တပ်မတော်၌ နောက်ထပ် ၂ နှစ်လေ့ကျင့်ရေးကျောင်း တက်ရမည်ဟုဆို၏။

စစ်လေ့ကျင့်ရေးကျောင်း ၂ နှစ်ပြီးဆုံးပါကအရည်အချင်းအလိုက် ဒု တပ်ကြပ်၊ တပ်ကြပ်၊ တပ်ကြပ်ကြီး ရာထူး ရမည်ဖြစ် ပြီး အခြေခံ  လစာမှာ ကျပ် ၁ သိန်း ၂ သောင်းမှ ၁ သိန်း ၅ သောင်းအထိ၊ ဗိုလ်ကြီး၏လစာ မှာ ၁ သိန်း ၆ သောင်း၊ ဗိုလ်မှူး ၁ သိန်း ၈ သောင်း၊ ဒု- ဗိုလ်မှူးကြီး ကျပ် ၂ သိန်း ရမည်ဟု ပြောကြောင်း အဆိုပါ မိုင်းခတ် ဒေသခံကပြောသည်။

နအဖ စစ်လေ့ကျင့်ရေးကျောင်းမှာ ကျိုင်းတုံမြို့တောင်ဘက် နောင်ပစ် ဗျူဟာတပ် တွင်ရှိ သည်။ ဝမ့်ဟွတ် အနီး ဒေသခံများ၏ဘိုးစဉ်ဘောင်ဆက် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ကို လွန်ခဲ့သော ၁၀ နှစ်ခန့်က နအဖတို့သိမ်း ယူပြီး တည်ဆောက်ထားခြင်းဖြစ်သည်။

ဝ ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော်တွင် (တောင်ပိုင်း ဝ နယ် ၅ ခု၊ မြောက်ပိုင်း ၀ နယ် ၄ ခု)  တပ်မ ဟာ ၉ ခု ရှိရာ မြောက်ပိုင်း ဝ နယ်တွင် တပ်မဟာ ၃၁၈ ၊ တပ်မဟာ ၄၁၈ ၊ တပ်မဟာ ၄၆၈ မိုင်းပေါက်နှင့် တိုးချဲ့ တပ်မဟာ သစ် ၆၁၈ အပြင်  တောင်ပိုင်း ဝ နယ် အမှတ် ၁၇၁ စစ်ဒေသတွင်မူ တပ်မဟာ ရ၇၂၊ ရ၇၅၊ ရ၇၈၊ ၅၁၈ နှင့် ၂၁၈ တို့ ဖြစ်ကြသည်။ တပ်မဟာတခုလျှင် အင်အား ၂၅၀၀ မှ ၃၂၀၀ အထိရှိသည်။  

ထို့အပြင် ပြည်သူ့စစ် တပ်မဟာလည်းရှိသေးရာ မိုင်းမောတွင် လက်အောက်ခံတပ်ရင်းက ၁၁ ရင်းရှိ ပြည်သူ့ စစ် တပ် မဟာ ၉၁၆ ၊ ဝိန်းကောဝ်မြို့နယ်တွင်မူ တပ်မဟာ ၉၁၇ (လက်အောက်ခံတပ်ရင်း  ၅ တပ်ရင်း)၊  မိုင်းပေါက် က ၉၁၈ (လက်အောက်ခံတပ်ရင်း  ၅ တပ်ရင်း) ရှိ၏။ တောင်ပိုင်း မိုင်းယွန်း တွင်လည်း ရှိသေး၏။