နအဖတပ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ မိုင်းထားမြို့နယ်ခွဲသစ် ဖွင့်ပွဲ အစီအစဉ် ဖျက်သိမ်း

နအဖတပ်စခန်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရ မိုင်းထားမြို့နယ်ခွဲသစ် ဖွင့်ပွဲ အစီအစဉ် ဖျက်သိမ်း
by -
သျှမ်းသံတော်ဆင့်

အမည်မသိ လက်နက်ကိုင် လူတစုက လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်သောကြောင့် ယနေ့ ဖွင့်လှစ်ရန် စီစဉ်ထားသော မိုင်းထားမြို့နယ်ခွဲ ဖွင့်ပွဲ ဖျက်သိမ်းလိုက်ရကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆို ...

အမည်မသိ လက်နက်ကိုင် လူတစုက လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်သောကြောင့် ယနေ့ ဖွင့်လှစ်ရန် စီစဉ်ထားသော မိုင်းထားမြို့နယ်ခွဲ ဖွင့်ပွဲ ဖျက်သိမ်းလိုက်ရကြောင်း နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

၁၈ ရက်ည ၉ နာရီနှင့် ၁၀ နာရီအကြား မိုင်းထားအခြေစိုက် နအဖတပ် စခန်းအားမနီးမဝေး တောင်မြင့်ပေါ်မှ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း ခံရသဖြင့် မြို့နယ်ခွဲဖွင့်ပွဲ အခန်းအနား ဖျက်သိမ်းလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

“ဗမာစစ်တပ်ဘက် သေကြေဒဏ်ရာရ များတယ်ကြားတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး” – ဟု နားကောင်းမူးဒေသခံတဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုအား ဝ တပ်ဖွဲ့က ၎င်းတို့လက်နက်မဟုတ်ကြောင်း ပြော၏။ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် စဝ်ယွက်စစ်ကလည်း ၎င်းတို့သွားလာဖြတ်သန်းရေးအတွက် မိုင်းထားမြို့နယ်ခွဲနအဖတပ်က အဟန့်အတားမဖြစ် ကြောင်း သျှမ်းသံတော်ဆင့် သို့ပြောပါသည်။

မြို့နယ်ခွဲအဆင့် စတင်သတ်မှတ်စဉ်က မိုင်းထားမြို့နယ်ခွဲသို့  လာရောက်အခြေချနေထိုင်မည့် မည်သူ့ကိုမဆို အိမ်ထောင်စုစာရင်း မှတ်ပုံတင်ထုတ်ပေးမည်ဖြစ်ပြီး ၆ နှစ်ကာလအတွင်း အထူး အခွင့်အရေးနှင့်လုပ်ပိုင်ခွင့် များပေးမည်ဟု နအဖအာဏာပိုင်တို့ ပြောဆိုခဲ့သည်။

“အထူးအခွင့်ဆိုတော့ ဘိန်းစိုက်ပျိုး ရောင်းဝယ်ခွင့်လဲရှိတယ်လို့ အများစုက နားလည်တယ်။ မိုင်းတုံ မြို့နယ် လက်အောက်မှာ မိုင်းထားအပြင် မိုင်းဟန်နဲ့ မိုင်းတော့လဲ မြို့နယ်ခွဲထပ်လုပ်သွားဖို့ ရှိတယ်လို့ တောင်ကြားတယ်။ အဲ့ချိန်ကျရင် မြို့နယ်ခွဲရုံးတွေကို ပုံပါကျင်ကနေ မိုင်းဟန်ကိုပြောင်း သွားမယ် ဆိုဘဲ” - ဟု ပုံပါကျင်ဒေသခံတဦး ကလည်း ပြောသည်။

ဖွင့်ပွဲမလုပ်ဖြစ်သော မိုင်းထားမြို့နယ်ခွဲသစ်ရှိ SURA/MTA မူလဘုန်းကြီးကျောင်းဟောင်း၌  ဗမာပြည်မှ ဘုန်းတော်ကြီး ၃ ပါးအား နအဖတပ်မှပင့်ဖိတ် သီတင်းသုံးစေကြောင်း၊ သို့သော်မကြာခဏ ဆွမ်းဆေးပြတ် လေ့မရှိသဖြင့် နားကောင်းမူး ပုံပါကျင်သို့ သွားရောက် အလှူခံရကြောင်း ဒေသခံများ ပြောပြချက် အရသိရပါသည်။

ယနေ့ ၂၂ ရက်၌ မိုင်းထားမြို့နယ်ခွဲဖွင့်ပွဲတက်ရောက်ရန် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်း စစ်တိုင်းမှူး ဗိုလ်ချုပ် သန်းထွဋ်ဦး အဆိုပါ လက်နက်ကြီး ပစ်ခတ်မှု သတင်းကြောင့် မိုင်းတုံအထိ မရောက်တော့ဘဲ မိုင်းဆတ်၌ ပင်သောင်တင်နေကြောင်း အတည်မပြုနိုင်သည့် သတင်းအရသိရသည်။