သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူမြို့နယ် မိုင်းရင် မြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စု ၄ စုတွင် နွေစပါး စိုက်ပျိုးရေး စီမံကိန်းအတွက် လယ်သမားများထံ (မျိုးစပါးကြေး) တစ်ဧက ကျပ် ၂ သောင်းခွဲနှုန်း ကောက်ခံနေ ...
သျှမ်းပြည် (မြောက်ပိုင်း) နမ္မတူမြို့နယ် မိုင်းရင် မြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စု ၄ စုတွင် နွေစပါး စိုက်ပျိုးရေး စီမံကိန်းအတွက် လယ်သမားများထံ (မျိုးစပါးကြေး) တစ်ဧက ကျပ် ၂ သောင်းခွဲနှုန်း ကောက်ခံနေကြောင်း ဒေသတွင်းလာသတင်းအရ သိရသည်။
မိုင်းရင် အပါအဝင် မန့်ဆာလုံ၊ မိုင်းနမ့် နှင့် ဖဆောင် ကျေးရွာအုပ်စုများတွင် မိုင်းရင်မြို့နယ်ခွဲ ဥက္ကဋ္ဌ စိုင်းထွန်းလျံ ကိုယ်တိုင် ဒီဇင်ဘာလကုန်ပိုင်းက စတင်ကောက်ခံနေခြင်း ဖြစ်ကြောင်းသိရသည်။
မိုင်းရင် ဒေသခံလယ်သမားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောရာတွင် “ကိုယ်စိုက်ချင်တဲ့စပါးမျိုး စိုက်လို့မရဘူး၊ သူတို့ထုတ်ပေးတဲ့ စပါးမျိုးပဲစိုက်ရမယ်၊ အဲဒီနွေစပါးက မစိုက်မနေရပေါ့ မျိုးစပါးဝယ်ဖို့ မိုင်းရင်အပါအဝင် ကျေးရွာအုပ်စု ၄ ခုက လယ်သမားတွေဆီမှာ တစ်ဧက ကျပ်၂ သောင်းခွဲ ကောက် တာ တချို့လည်း ထည့်ပြီးပြီတချို့လည်းမထည့် ရသေးဘူး” ဟု သူက ဆိုသည်။
အဆိုပါ မျိုးစပါးဖိုးငွေများ ကောက်ယူနေသော်လည်း စပါးမျိုးထုတ်ပေးခြင်း မရှိသေးသည့်အပြင်မည့်သည့် အမျိုးအစား ဖြစ်သည်ကိုလည်း မသိရသေးကြောင်း သူက ဆက်ပြောသည်။
မိုင်းရင်ဒေသခံအများစုမှာ လယ်သမားများဖြစ်ကြပြီး ၎င်းတို့စိုက်ပျိုးလိုသည့် သီးနှံကို စိုက်ပျိုးခွင့်မရပဲ စစ်အစိုးရ၏ နွေစပါး စီမံကိန်း ကိုသာ စိုက်ပျိုးနေရသည့် အခြေအနေဖြစ်ကြောင်း သိရသည်။
လာမည့် မတ်လပိုင်းတွင် အဆိုပါနွေစပါးများ စတင်စိုက်ပျိုးတော့မည် ဖြစ်သည်။