သျှမ်းပြည်တောင်ပိုင်း လင်းခေ အခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကို ပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့် ...
သျှမ်းပြည်တောင်ပိုင်း လင်းခေ အခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးက နောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကို ပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။
“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကို ဆွဲခေါ်သွားတော့ မိဘတွေ ၀င်တားလို့ အဲဒီစစ်သားက မိဘနှစ်ယောက်စလုံး ကိုသေနတ်နဲ့ ပစ်တော့ ပွဲချင်းပြီး သေတာ။ ကောင်မလေးကို ဆွဲဖမ်းပြီး တခြားနေရာ သွားမုဒိန်းကျင့်တယ်။ အဲကောင် အိပ်ပျော်နေတုန်း ကောင်မလေးက ထွက်ပြေးပြီး ရွာလူကြီးတွေဆီ ငိုကြီးချက်မနဲ့ သွားတိုင်တယ်” ဟု လင်းခေး ဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။
နိုဝင်ဘာ ၂၁ ရက် လင်းခေးမြို့ပြင် (မိုင်းပန်အထွက်လမ်း) နမ့်အွန်ရွာ အခြေစိုက် ခမရ ၅၇၈ ရဲဘော်တဦး ဟွေ့ဆင်မ် ကျေးရွာနေ ဦးအာရိယနှင့် ဒေါ်ခမ်းတို့၏ အိမ်ပေါ် ညအချိန် အတင်းတိုးဝင်၍ သမီး (အမည်မဖေါ်လို) ဖြစ်သူအား အဓမ္မ ပြုကျင့်ရန် ကြံစည်စဉ် ဖခင်က ၀င်တားရာ ဖခင်အား ဦးစွာ ပစ်သတ်ခဲ့ကြောင်း၊ ထို့နောက် မိန်းခ လေးငယ်အား အိမ်ပေါ်မှ ဆွဲခေါ်သဖြင့် မိခင်ဖြစ်သူက လိုက်ဆွဲရာ အိမ်အနီး ချောင်းဘေးတွင် မိခင်ကိုပါ ထပ်မံပစ်သတ်ခဲ့ကြောင်း လင်းခေး ဒေသခံများက ပြောပြပါသည်။
“အခု အဲဒီကလေးမ ရွာမှာ ရှိတဲ့ သူ့အဒေါ်အိမ်မှာဘဲ ရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ အရမ်းထိခိုက်နေတယ်။ တပ်ဘက်သတင်းအရ အဲဒီ ဗမာစစ်သားက စိတ်မနှံ့ဘူးတဲ့။ နောက်ပြီးတော့ သူ့ကို သတ်ပစ်လိုက်ပြီလို့လဲ ဆိုပြီး နအဖတပ်က အရပ်ထဲ သတင်းလွှင့်ထားတယ််” အမည်မဖေါ်လိုသည့် လင်းခေးစျေးသည် တဦးက ပြောပါသည်။
နိုဝင်ဘာ ၂၂ ရက်တွင် (ယခင် လင်းခေး ဗျူဟာမှူးဟောင်း) မိုင်းပန် စကခ (၁၇) မှူး ဗိုလ်မှူး ချုပ်တင်ရွှေက သတင်း မပေါက်ကြားရန် နစ်နာကြေးနှင့်အတူ နှုတ်ပိတ်ခ ကျပ် ငွေသိန်း ၂ ပေးသွားကြောင်း နီးစပ်သည့်သူ တဦးက ပြောပြပါသည်။ ထို့အတူ ရွာသားများ လင်းခေး စျေးဆင်းဝယ်မှုကိုလည်း ပိတ်ပင်တားမြစ်ထားကြောင်း လင်းခေး ဒေသခံများက ပြောပြသည်။
မိန်းခလေး၏ ကျန်းမာရေးနှင့် ပတ်သက်၍ လင်းခေးမြို့ ဆေးရုံဆရာဝန် တဦးနှင့် ဆက်သွယ်မေးမြန်းရာ တစုံတရာ မှတ်ချက် ပေးပိုင်ခွင့် မရှိဟု ဆိုကာ ဖုန်းချသွားခဲ့ပါသည်။
အဆိုပါ ကလေးမ၏ မိဘနှစ်ပါး ရုပ်အလောင်းအား ၂၃ ရက်နေ့က ဟွေ့ဆင်မ် ကျေးရွာသင်္ချိုင်း၌ မီးသဂြိုဟ် လိုက်ပြီ ဖြစ်ပြီး မုဒိန်းကျင့်ခံရသူ မိန်းခလေးမှာလည်း မိဘအတွက် ရက်လည်ဆွမ်းသွတ်ရန် ဆေးရုံမှ ဆင်းကာ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေကြောင်း နီးစပ်သည့် အသိုင်းဝိုင်းက ပြောပြပါသည်။
အခု ဖြစ်စဉ်သည် နိုဝင်ဘာ ရ ရက်နေ့ ရွေးကောက်ပွဲအပြီး တလမပြည့်မှီ ဒုတိယအကြိမ် မုဒိန်းကျင့်မှု ဖြစ်သည်။