ရွေးကောက်ပွဲလွန် ကာလ သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နှင့် နအဖ တပ်တို့အကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု သိရှိရ ...
ရွေးကောက်ပွဲလွန် ကာလ သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့နှင့် နအဖ တပ်တို့အကြား တိုက်ပွဲ ဆက်တိုက် ဖြစ်ပွားခဲ့သည်ဟု သိရှိရပါသည်။
သျှမ်းပြည် တပ်မတော် တပ်သားများ လက်နက် တပ်ဆင်နေပုံ ( ဓါတ်ပုံ - သျှမ်းသံတော်ဆင့်)
“ပြီးခဲ့တဲ့ အပတ်ထဲက သျှမ်းတပ်ဖွဲ့နဲ့ ပစ်ကြခတ်ကြလို့ မိုင်းပန်၊ လင်းခေး ကနေ တောင်ကြီးသွားဖို့ ကားဆရာတွေ တောင် ခပ်လန့်လန့် ဖြစ်ကြတယ်။ ဒီတပတ်ထဲတော့ ပုံမှန်ပြန်ဖြစ်သွားပြီ”- ဟု မိုင်းပန်ဒေသခံ ကားဆရာတဦး က ပြောသည်။
ယခုလ ၁၇ ရက် မိုးနဲနှင့် လင်းခေးအကြား ပန်ဆတ််အခြေစိုက် အမြောက်တပ် တပ်ရင်းမှူးနှင့်ဇနီးကနောက်လိုက် နောက် ပါ ၅ ယောက်နှင့်အတူ လင်းခေးမြို့မှ စျေးဝယ်အပြန်လမ်းတဝက်တွင် သျှမ်းတပ် နယ်လှည့်စစ်ကြောင်း တခုက ခြံုခို တိုက်ခိုက်ခဲ့ သဖြင့် ၄င်းတို့ကားတစီး ချောက်ထဲထိုးကျသွားပြီး အားလုံးသေဆုံးကြောင်း - အမည်မဖေါ်လိုသည့် ကျန်းမာရေး ဝန်ထမ်း အသိုင်းဝိုင်းက ပြောပါသည်။
ထို့အတူ နိုဝင်ဘာ ၂၃ ရက် ယမန်နေ့ကလည်း သံလွင်အရှေ့ခြမ်း ပုံပါကျင်အရှေ့ဖက် (ထိုင်းနယ်စပ်အနောက်ဖက် ၈ မိုင် အကွာ) ဝမ့်အောင့်လောင့် နှင့် နမ့်ဟူးခွန် ကြား၌ သျှမ်းပြည်တပ်မတော်နှင့် နအဖစစ်တပ်တို့ မိနစ် ၂ဝ ကြာ ရင်ဆိုင် တိုက် ပွဲဖြစ်ပွားခဲ့ပါ သေးသည်။
“ မနေ့က မနက်ပိုင်း ရး၃ဝ နာရီကျော်ကျော်လောက်မှာ တိုက်ပွဲဖြစ်တယ်။ သျှမ်းတပ် ဘက် ၁ ယောက်ဒဏ်ရာရ တယ်၊ ဗမာ တပ်ဘက်က ၂ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်။ သျှမ်းဘက်က အင်အား ၁ဝ ယောက်လောက်နဲ့ ဗမာဘက် က အင်အား အယောက် ၃ဝ လောက်ရှိမယ် ” ဟု သျှမ်းပြည်တပ်မတော်အသိုင်း အဝိုင်းက ပြောသည်။
မိုးနဲ လင်းခေးအကြားတိုက်ပွဲ သတင်းနှင့်ပတ်၍ သတင်းနှင့်မီဒီယာကွန်ယက် NMG ဌာနအား သျှမ်းပြည်တပ်မတော် ပြော ခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောဝ် ဆိုင်က နအဖ ဗိုလ်မှူးကြီးအဆင့်နှင့် ရဲဘော် စုစုပေါင်း ၄ ယောက် သေဆုံးသည်ဟု ဖေါ်ပြထား ပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့် ဒေသခံသတင်းအရ လင်းခေး - မိုးနဲကြားအမှတ် ၃၆၁ ပန်ဆတ််အမြောက်တပ်ရင်း တပ်ရင်းမှူး အမှတ်မထင် ပစ်သတ်ခံရပြီးနောက်ပိုင်း အင်အား ၃ဝ ကျော်ပါ နအဖစစ်ကြောင်းတကြောင်း သျှမ်းပြည် တပ်မတော် နယ် လှည့်စစ်ကြောင်းအား နောက်ယောင်ခံလိုက်ရာ ထပ်မံတိုက်ပွဲဖြစ်ပွားပြီး နအဖတပ်သားများ သေဆုံးရခြင်းဖြစ်သည်ဟုဆို၏။
လွန်ခဲ့သည့်အပတ်အတွင်း သံလွင်အရှေ့ခြမ်း မိုင်းတုံမှ တရုတ်လုပ် တုန်းဖုန်းစစ်ကား ၆ စီး စစ်သားအပြည့်တင်ကာ မိုင်းတော့ - မိုင်းထားဘက် အားဖြည့်ရန်တက်သွားသည်ဟု နယ်စပ်နေ စစ်ရေးလေ့လာသူတဦးကပြောသည်။ ထို့ပြင် ရွေးကောက်ပွဲ နောက်ပိုင်းမှယနေ့ထိ နအဖနှင့် သျှမ်းပြည်တပ်မတော်ကြား တိုက်ပွဲပေါင်း ၁ဝ ကြိမ်ထက်မနဲ ဖြစ်ပွါးခဲ့ပြီဖြစ်ကြောင်း SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောင်ဆိုင်ကပြောသည်။