အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ထိန်းချုပ်နယ်မြေ အတွင်းမှ မြို့ပေါ်သွားလေ့ရှိသော သျှမ်းတပ်နှင့် ဆက်စပ် နှီးနွယ်သူများအား စောင့်ကြည့်ဖမ်းဆီးရန် လားရှိုးတိုင်း စစ်ဌါနချုပ်မှ ညွှန်ကြား ...
အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ထိန်းချုပ်နယ်မြေ အတွင်းမှ မြို့ပေါ်သွားလေ့ရှိသော သျှမ်းတပ်နှင့် ဆက်စပ် နှီးနွယ်သူများအား စောင့်ကြည့်ဖမ်းဆီးရန် လားရှိုးတိုင်း စစ်ဌါနချုပ်မှ ညွှန်ကြားထားကြောင်း စုံစမ်း သိရှိရပါသည်။
“သျှမ်းပြည်တပ်မတော် ဌါနချုပ် အခြေစိုက်တဲ့ ဝမ့်ဟိုင်းဘက်က ပြည်သူအချို့ရော၊ SSA မြောက်ပိုင်းနဲ့ ဆက်နွယ်ဖူးတဲ့ သူတွေရော မြို့ထဲဝင်လာတာ စုံစမ်းသိရှိရရင် စောင့်ကြည့်စစ်ဆေးဖို့ ညွှန်ကြားထားတယ်” ဟု လားရှိုး ဒေသခံတစ်ဦးက ပြောပါသည်။
လားရှိုးတိုင်းစစ် ဌါနချုပ်က သျှမ်းပြည် တပ်မတော်ထဲက မိသားစု အသိုင်းအဝိုင်းဖြစ်စေ၊ မကင်းရာ မကင်းကြောင်း ရပ်ရွာလူထုဖြစ်စေ၊ ကုန်သည်ပွဲစားဖြစ်စေ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ ကျေးသီးနှင့် မိုင်းရှုးမြို့များအတွင်း ဝင်ထွက်သွားလာမှုကို စောင့်ကြည့်စစ်ဆေး ဖမ်းဆီးရန် ညွှန်ကြားထားသည်ဟု ဆို၏။
တဖက်၌လည်း သျှမ်းပြည်တပ်မတော်မှ အမှတ် (၁) စစ်ဒေသတပ်မှူး ဒု-ဗိုလ်မှူးကြီး ငေါင်းဖှက မိုင်းနန်းအုပ်စု ဝမ့်အစ်နှင့် တူယားအုပ်စု မိုင်းခန်၊ တူယားကျေးရွာများအနီး နှစ်ရှည်လများ တဲထိုးစခန်း လုပ်နေရာယူထားသော မိမိတပ်ဖွဲ့များအား နိုဝင်ဘာ ၁၄ ရက်၌ မီးရှို့ဖျက်ဆီး၍ တောတွင်း၌သာ နေခိုင်းကြောင်း သိရှိရသည်။
“အဲဒီနောက်ပိုင်း နိုဝင်ဘာ ၁၅ ရက်က စပြီး နအဖ စစ်သားတွေ ညပိုင်းစစ်ကြောင်းလှည့် မွှေနှောက်တာ သိပ်မရှိတော့ဘူး။ ဝမ့်ဟိုင်း အနီးတဝိုက် နေရာယူထားတဲ့ နအဖတပ်အားလုံး မိုင်းနောင်ဖက် ပြန်ဆုတ်ခွါသွားတယ်။ ဝမ့်ဇန့်နဲ့ စိန်ကျော့ဘက်ဘဲ ကျန်တော့တယ်” ဟု အမည်မဖော်လို ကျေးရွာအကြီးအကဲ တစ်ဦးက ပြောပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေ မိုင်းယန်းတွင်မူ ဧပြီ ရ မှ စ၍ ည ရ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရ နေဝင်မီးငြိမ်းအမိန့် ယနေ့တိုင် ထုတ်ပြန်ထားကြောင်း တာချီလိတ်ရောက် မိုင်းယန်း နအဖစစ်သား တစ်ဦးက ဤကဲ့သို့ ပြောပါသည်။
“မိုင်းလားဘက်က ဝင်လာတဲ့ ပြည်သူတွေကို စောင့်ကြည့်စစ်ဆေးတာတို့ မရှိပါဘူး။ ကျနော်တို့ဘက်က စစ်မျက်နှာ စဖွင့်ဖို့လဲ မရှိပါဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ဘဲ ရှိပါတယ်။ မိုင်းလားဘက် ဝမ်းစာအတွက် ရှာဖွေစားသောက်နေရတော့ စတိုက်ရင် ကျနော်တို့ဘဲ ထမင်းငတ်မှာ”
မိုင်းယန်းမြို့၌ ခလရ ၂၇၉ နှင့် ၂၈၁ တပ်ရင်း နှစ်ရင်းသာ ရှိပြီး အင်အား ၂၅၀ သာ ရှိကြောင်း သိရှိရသည်။