USDP ပါတီကိုသာ ထောက်ခံမဲ ပေးရန် စာပေယဉ်အဖွဲ့အား မူစယ်မယက ဥက္ကဌပြော

USDP ပါတီကိုသာ ထောက်ခံမဲ ပေးရန် စာပေယဉ်အဖွဲ့အား မူစယ်မယက ဥက္ကဌပြော
by -
သျှမ်းသံတော်ဆင့်

မူစယ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များအား မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက ဖုန်းဆက်ခေါ်ပြီး USDP ကို မဲပေးရန် ပြောကြား ...

မူစယ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များအား မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌက ဖုန်းဆက်ခေါ်ပြီး USDP ကို မဲပေးရန် ပြောကြားခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“ကျနော်တို့ကို စနေနေ့ည ၇ နာရီလောက် သူ့ရုံးကို လှမ်းခေါ်တာ။ ဟိုရောက်တော့  ကြံ့ဖွံ့ကို ထောက်ခံမဲ ပေးဖို့ဘဲ ပြောလိုက်တာ။ စာပေယဉ်ကျေးမှု အဖွဲ့နဲ့ ဌာနဆိုင်ရာ အရာရှိ အချို့လာတယ်” ဟု တက်ရောက်သူ ၀န်ထမ်းတဦးက ပြောသည်။

အောက်တိုဘာ ၃၀ ရက်  မူစယ်မယက ဥက္ကဌ ဦးမြဟန်က ဌာနဆိုင်ရာ ၀န်ထမ်းများ၊ စာပေယဉ်ကျေးမှု အဖွဲ့ဝင်များအား ဖုန်းဖြင့် လှမ်းခေါ်ခဲ့ကြောင်း၊ ဦးမြဟန်က ၎င်းတို့အား “ကြံ့ခိုင်ဖွံ့ဖြိုးရေးတွင် တိုင်းရင်းသားများလည်း အများအပြား ပါရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များ အနေဖြင့် ကိုယ့်တိုင်းရင်းသား အချင်းချင်း အားပေးလိုလျှင် ကြံ့ဖွံ့ကိုသာ မဲပေးသင့်ကြောင်း” ထည့်သွင်းပြောကြားသွားသည်ဟု ဆိုသည်။

“သူ့အနေနဲ့လဲ မူစယ်ကို ဇာတိမြေသဖွယ် သံယောဇဉ် တွယ်နေတယ်တဲ့၊ ရွေးကောက်ပွဲ ညပြီးအထိ မူဆယ်မြို့ တိုးတက်ရေး တာဝန်ဆက်ယူသွားချင်လို့ ပူးပေါင်းဆောင်ရွက်ဖို့ အတွေ့အကြုံ ရပြီး အုပ်ချုပ်ရေးပိုင်း ကျွမ်းကျင်တဲ့ ပြည်ခိုင်ဖြိုးပါတီကိုသာ ထောက်ခံမဲ ထည့်ကြပါ” ဟု အဓိကထား ပြောခဲ့ကြောင်း တက်ရောက်သူ အမျိုးသား တဦးကလည်း ဆက်၍ ပြောပြပါသည်။

“ရယက ဥက္ကဌတွေ  အပတ်တိုင်း အစည်းအဝေး ရှိတယ်၊ သူတို့ကတော့ ကြံ့ဖွံ့တွေကိုဘဲ မဲပေးရမယ်လို့ အပ်ကြောင်း ထပ်ပြောထားပြီးသား။ စနေနေ့ မယက ဥက္ကဌ ခေါ်တွေ့တုန်းကတော့ ရယကတွေ မပါဘူး” ဟု မယက အသိုင်းအ၀ိုင်း လူလတ်ပိုင်း သျှမ်းအမျိုးသား တဦးက ပြောပါသည်။

မူစယ်မြို့တွင် ပလောင်၊ ကချင်၊ ကိုးကန့်နှင့် သျှမ်းစာပေ ယဉ်ကျေးမှု အဖွဲ့များ ရှိရာ တရုတ်-မြန်မာကုန်စည်ပြပွဲ အခမ်းအနား၊ လမ်းတံတားနှင့် တခြားဖွင့်ပွဲ အခမ်းအနားများ၌ ၎င်းတို့အား နအဖ အာဏာပိုင်များက ဆင့်ခေါ်၍ ကပြဖျော်ဖြေခိုင်းလေ့ရှိကြောင်း စာပေယဉ်ကျေးမှု အဖွဲ့များက ပြောသည်။

မူစယ်ခရိုင်အတွင်း အဓိက ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၄ ခုမှာ ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပလောင် (တအာင်း) အမျိုးသားပါတီ၊ စစ်အစိုးရ ကျောထောက် နောက်ခံပါတီများ ဖြစ်သည့် USDP နှင့် NUP တို့ ဖြစ်ကြသည်ဟု ဆို၏။

Most read this week