ရွေးကောက်ပွဲအကြိုနှင့် နောက်ပိုင်း တာချီလိတ် - မယ်ဆိုင်နယ်စပ်တံတား လ၀က်ခန့် ပိတ်မည်ဟု သတင်းထွက်

ရွေးကောက်ပွဲအကြိုနှင့် နောက်ပိုင်း တာချီလိတ် - မယ်ဆိုင်နယ်စပ်တံတား လ၀က်ခန့် ပိတ်မည်ဟု သတင်းထွက်
by -
သျှမ်းသံတော်ဆင့်

နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ကျင်းပရေးအတွက် တာချီလိတ်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဟောင်းအား နိုဝင်ဘာလ ၁ ရက်မှ စ၍ လ၀က်ခန့် မြန်မာအာဏာပိုင်များဘက်မှ ပိတ်ထား.....

နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ကျင်းပရေးအတွက် တာချီလိတ်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဟောင်းအား နိုဝင်ဘာလ ၁ ရက်မှ စ၍ လ၀က်ခန့် မြန်မာအာဏာပိုင်များဘက်မှ ပိတ်ထားမည်ဟု စုံစမ်းသိရှိရသည်။

tachilek-bridge“ဗမာအာဏာပိုင်တွေက ထိုင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးပြီ။ ပြသနာ မရှိဘူးလို့ ဆိုတာဘဲ။ ကျနော်တို့လို အရောင်းအ၀ယ် သမားတွေ ကုန်သည်တွေအတွက် ထိတာပေါ့။ ဗမာအာဏာ ပိုင်တွေ ဘာမှ ကြိုတင်ပြောမထားဘဲကိုး” ဟု တံတားအောက်ပိုင်း တာလော့ဈေးမှ တရုတ်အမျိုးသား ဈေးသည်တဦးက ပြောသည်။

ဒေသခံများကမူ ကုန်ဈေးနှုန်းတက်မည့် အရေး တွေး၍ စိတ်ပူ နေကြသည်ဟုလည်း တယ်လီဖုန်း ရောင်းဝယ်ရေး လုပ်ငန်းရှင်က ပြော၏။

“ဒီလောက်အကြာကြီး ပိတ်မယ်ဆိုရင် ကုန်ဈေးနှုန်းကတော့ တက်မှာ မလွှဲဘူး။ မယ့်ဆိုင်ချောင်းကူး မှောင်ခိုသမားတွေကို စောင့်ဖမ်းတဲ့ အာဏာပိုင်တွေအတွက်တော့ ပွတာဘဲပေါ့” ဟု ၎င်းးက ဆိုသည်။

အခြားဒေသမှ လာသော ကုန်သည်များမှာမူ ယမန်နေ့ကတည်းက တဖွဲဖွဲ နေရပ်ပြန်ကြသည်ဟုလည်း သိရသည်။  

“တံတား မပိတ်ရင်တော့ ရွေးကောက်ပွဲတို့ ဘာတို့ စိတ်မ၀င်စားကြဘူး။ တာချီလိတ်မှာဘဲ လုပ်ကိုင်ရှာစားနေကြမှာ။ ခုတော့ အလုပ်မရှိ ဒီတိုင်းနေရင် စရိတ်ဘဲ ကုန်မယ်လေ။ ရွေးကောက်ပွဲကာလ နိုင်ငံခြားသားတို့ နိုင်ငံခြား သတင်းထောက်တို့ ခိုးဝင်မှာ စိုးလို့ ပိတ်တာ နေမှာပေါ့။ ပါတီစည်းရုံးရေးလား။ အခုတလော မကြားရတော့ဘူး။ ကြံ့ဖွံ့ပါတီဝင်တွေ စည်းရုံးရေးမှူးတွေကလဲ မြို့ခံတွေ ဖြစ်နေတယ်။ နောက်တကြောင်းကလဲ ကြံ့ဖွံ့ပါတီက မတရား လမ်းနဲ့ သွားမယ်ဆိုတာလဲ လူတိုင်း သိနေတော့ အဖြစ်သဘောလောက်ဘဲ လုပ်တယ်” ဟု တာချီလိတ်၌ အရောင်းအ၀ယ် လုပ်နေသည့် ကျိုင်းတုံဒေသခံ ခေတ်ပညာတတ် လူငယ်တဦးက ပြောသည်။     

တဖက်တလမ်းကလည်း အောက်တိုဘာလလယ်မှ ယခုချိန်အထိ လိုင်စင်မဲ့ ကားများ ရှောင်တခင် ဖမ်းဆီးရာ၌ ၁၀ စီးကျော် ရှိပြီ ဖြစ်ကြောင်း၊ တာချီလိတ်အတွင်း လိုင်စင်မဲ့ကား အစီးရေ ၅၀၀ ခန့် ကျန်နေသေးသည်ကိုလည်း (သြဂုတ်လ ၁ ရက်မှ စက်တင်ဘာ လဆန်းအထိ လိုင်စင်လုပ်ပေးပြီးနောက်ပိုင်း) လိုင်စင်ထပ်မလုပ်ပေးသေးကြောင်း၊ နောက်တကြိမ် လိုင်စင် လုပ်ပေးရန် စားကွက် ချန်ထားခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုလက်ရှိ တာချီလိတ် ကားဈေးနှုန်းမှာ တ၀က်ထိုးကျသွားရာ ဟင်းရွက်သည်မှအစ စီးပွါးရေး လုပ်ငန်းရှင်ကြီးများ အဆုံး လုပ်ငန်းလည်ပတ်ရေး ထိခိုက်လျက်ရှိသည်ဟု ကားပွဲစားတဦးက ရှင်းပြသည်။

 

 

 

 

 

 

Most read this week