သျှမ်းတပ်သတင်းကြောင့် ကျေးလက်လူထု ရွာပြင် ထွက်လျှင် အပစ်ခံရမည်ဟု နအဖတပ် ခြိမ်းခြောက်

သျှမ်းတပ်သတင်းကြောင့် ကျေးလက်လူထု ရွာပြင် ထွက်လျှင် အပစ်ခံရမည်ဟု နအဖတပ် ခြိမ်းခြောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တပ်မတော်က မိုင်တုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲအတွင်း တပ်သားသစ် စုဆောင်းရေးအတွက် ဒေသခံအား ၀င်ခေါ်သည့် သတင်း ထွက်ပြီးနောက်ပိုင်း ဒေသခံ နအဖ စစ်တပ်က လူထုအား ရွာပြင်မထွက်ရ၊ အိမ်ပြင်မထွက်ရ ကာဖျူး နေ၀င်မီးငြိမ်းအမိန့် ချထား....

သျှမ်းပြည်တပ်မတော်က မိုင်တုံမြို့နယ်နှင့် ပုံပါကျင်မြို့နယ်ခွဲအတွင်း တပ်သားသစ် စုဆောင်းရေးအတွက် ဒေသခံအား ၀င်ခေါ်သည့် သတင်း ထွက်ပြီးနောက်ပိုင်း ဒေသခံ နအဖ စစ်တပ်က လူထုအား ရွာပြင်မထွက်ရ၊ အိမ်ပြင်မထွက်ရ ကာဖျူး နေ၀င်မီးငြိမ်းအမိန့် ချထားသဖြင့် အခက်ကြုံနေကြရကြောင်း ထိုင်းနယ်စပ်ရောက် မိုင်းတုံဒေသခံတဦးက ပြောသည်။

“ယာခင်းတွေသွားမကြည့်ရ။ နေ့ခင်းပိုင်းလဲ ရွာပြင်မထွက်ရ။ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ အိမ်ပြင် မထွက်ရလို့ အမိန့် ထုတ်ထားတယ်။ ယာစပါးတွေလဲ ရိတ်ချိန် တန်ပြီ။ နှမ်းတွေလဲ  တချို့ဆို သီးကွဲနေပြီ။ သွားယူလို့ မရဘူး” ဟု ပြောသည်။

ရွာပြင်မထွက်ရအမိန့် မလိုက်နာဘဲ နယ်လှည့်စစ်ကြောင်းနှင့် ပက်ပင်းတိုးမိပါက အပစ်ခံရမည်ဟု ဆိုသဖြင့် ဒေသခံများ အခက်တွေ့ နေရ၏။ ထို့ပြင် ပုံပါကျင်မြို့နယ်ခွဲ ၅ ရပ်ကွက် စလုံးအား သျှမ်းသူပုန်များသတင်း တနေ့ ၃ ကြိမ် ဗျူဟာရုံးသို့ သတင်း ပို့ရမည် ဟုလည်း ဗျူဟာမှူးက အမိန့်ထုတ်ထားသည်။   

“သျှမ်းသူပုန်သတင်းက ရှိရှိ မရှိရှိ မနက် နေ့လည် ညနေ တနေ့ ၃ ကြိမ် ပို့ကို ပို့ရမယ်တဲ့” ဟု မိုင်းတုံ ၀မ့်မိုင်ရပ်ကွက်သားများ ပြောပြသည်။

ယခုလ ၁၆ ရက် မိုင်းတုံမြို့နယ် ၀မ့်မိုင်ရပ်ကွက် ဖယောင်းတိုင်တထောင် မီးပူဇော်ပွဲ၌ သျှမ်းတပ်ဖွဲ့က ဒေသခံ  ၂၅ ယောက်အား ဖမ်းဆီးခေါ်ဆောင်သွားရာ အရပ်ဝတ် နအဖ စစ်သား ၅ ယောက်ပါ ပါသွားသည်ဟုလည်း အဖမ်းခံရသည့် မိသားစုဝင် တဦးက ပြန်လည်ပြောပြသည်။

“အဲနောက်ပိုင်း လူငယ်တွေက ကြောက်လို့ တချို့လဲ ခမရ ၂၂၅ နဲ့ ၂၂၇ တပ်ထဲ သွားအိပ်တာ။ တပ်ရင်းမှူးက သူတို့ကို ကြောက်ရင် ပြည်သူ့စစ်လုပ်။ သေနတ် ထုတ်ပေးမယ်။ သျှမ်းတပ်ဖွဲ့ကို သွားပစ်ပေါ့လို့ ပြောတော့ အဲလူငယ်တချို့လဲ ချက်ချင်း အိမ်ထပြန်တယ် ဆိုဘဲ” ဟု ၎င်းက ဆက်ပြောသည်။

ယခုလ ၁၂ ရက် ပုံပါကျင်ဗျူဟာမှူး မိုင်းတုံသို့ ရောက်နေစဉ် ပုံပါကျင်၌ သျှမ်းပြည်တပ်မတော်က တပ်သားသစ် စုစောင်းခဲ့ပြီး ၁၆ ရက် ပုံပါကျင်သို့ ဗျူဟာမှူး ပြန်လည်ရောက်ရှိသော် မိုင်းတုံ မီးပူဇော်ပွဲ၌ ၀မ့်မိုင် ဒေသခံများ သျှမ်းစစ်သားထပ် သွားကောက်ခြင်း ဖြစ်၏။ ဘီဘီစီသတင်းဌာနမှ ထိုအကြောင်း အသေးစိတ်သတင်း ထုတ်လွှင့်ချက်ကို ဗျူဟာမှူး သိသွားသဖြင့် ဒေါသ ပေါက်ကွဲကာ သျှမ်းသူပုန်များ လှုပ်ရှားမှု စောင့်ကြည့်ရန် ထိုကဲ့သို့ ကာဖျူးအမိန့် ချလိုက်ခြင်း ဖြစ်သည်ဟု ကြားသိရသည်။