မိမိကျေးရွာဝန်းကျင်အနီး တိုက်ပွဲ ဖြစ်လျှင် တရွာလုံး အရေးယူခံရမည်ဟု နအဖဗျူဟာမှူးပြော

မိမိကျေးရွာဝန်းကျင်အနီး တိုက်ပွဲ ဖြစ်လျှင် တရွာလုံး အရေးယူခံရမည်ဟု နအဖဗျူဟာမှူးပြော
by -
မွေခေါဝ်

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း သျှမ်းတပ်နှင့် တိုက်၍ သေပြီးနောက်ပိုင်း ရွာဝန်းကျင်၌ သေနတ် သံကြားလျှင် သက်ဆိုင်သည့် ရွာအား အရေးယူမည်ဟု ပုံပါကျင် ဗျူဟာမှူး ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရ ...

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း သျှမ်းတပ်နှင့် တိုက်၍ သေပြီးနောက်ပိုင်း ရွာဝန်းကျင်၌ သေနတ် သံကြားလျှင် သက်ဆိုင်သည့် ရွာအား အရေးယူမည်ဟု ပုံပါကျင် ဗျူဟာမှူး ညွှန်ကြားထားကြောင်း နယ်စပ်သတင်းများအရ သိရှိရပါသည်။

“မဲ့ကဲန်းဘက်မှာ တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပြီးတဲ့နောက် သေနတ်သံ ကြားရတဲ့ ပတ်ဝန်းကျင်ရွာတွေကို အရေးယူမယ်လို့ မနေ့က ပုံပါကျင် ဗျူဟာမှူးက ညွှန်ကြားတယ်” ဟု မိုင်းတုံဒေသခံ တစ်ဦးက ပြောပါသည်။

အိမ်ခြံဝင်းများလည်း အဝင်/အထွက် တစ်ပေါက်တည်း ရှိသည့် ခြံစည်းရိုး ကာထားရှိရမည်ဟု ညွှန်ကြားထားကြောင်း ၎င်းက ဤကဲ့သို့ ဆက်ပြောပါသည်။

“ခြံဝင်းတွေ အဝင်/အထွက် တစ်ပေါက်ဘဲ ထားရမယ်။ အပေါက် ဖြစ်နေတဲ့ ခြံစည်းရိုးတွေလဲ ပြင်ခိုင်းတယ်။ တစ်အိမ်နဲ့ တစ်အိမ် ခြုံစည်းရိုး မပေါက်ရဘူး။ လုံလုံခြုံခြုံ ခတ်ရမယ်တဲ့”

ပြည်သူ့စစ်နှင့် ရွာသားအား လမ်းတံတားများ၌ စောင့်ကြပ်ခိုင်းပြီး သတင်းထူးလျှင် နီးစပ်သည့် စစ်တပ်ထံ အချိန်မှီ ပေးပို့ရန်လည်း ညွှန်ကြားထားသည်ဟု ဆို၏။

အောက်တိုဘာ ၁၉ ရက် မိုင်းတုံအခြေစိုက် ခမရ ၅၁၉၊ ခလရ ၂၇၇ နှစ်တပ်နှင့် SSA တောင်ပိုင်းအကြား၊ အောက်တိုဘာ ၂ဝ ရက် မိုင်းတုံ အခြေစိုက် ခလရ ၆၅ နှင့် တောင်ပိုင်း ဝ တပ်ဖွဲ့အကြား တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွါးခဲ့သည်ဟု ပုံပါကျင် ဒေသခံ တစ်ဦးက ပြောပါသည်။

“ခမရ ၅၁၉ နဲ့ ခလရ ၂၇၇ နှစ်တပ် ပေါင်းပြီး SSA တောင်ပိုင်းနဲ့ တိုက်ပွဲ ဖြစ်တာက မဲ့ကဲန်းအနောက်ဘက် ၂ မိုင်လောက် ဝေးတဲ့ လွယ်နောက်တောင် အဆင်းမှာ။ မိနစ် ၂ဝ လောက် ကြာတယ်။ နအဖတပ် နှစ်တပ်စလုံး တစ်ယောက်စီ ကျဆုံးပြီး ခမရ ၅၁၉ က ၆ ယောက်၊ ခလရ ၂၇၇ က ၄ ယောက် ဒဏ်ရာရတယ်။ သျှမ်းဘက်ကတော့ တပ်ဆုတ်သွားတယ်။ ခလရ ၆၅ နဲ့ ၁ဝဝ၇ နယ်ခြားစောင့်တပ်တို့ ကင်းလှည့်တော့ မဲ့ကဲန်းအရှေ့ဘက် ဝ တပ်နဲ့ တိုးမိပြီး တိုက်ပွဲ ဖြစ်တာ။ လားဟူ တစ်ယောက်၊ ဝ နှစ်ယောက် ကျဆုံးတယ်”

ကင်းလှည့်လည်နေသော ခလရ ၆၅ နှင့် နယ်ခြားစောင့်တပ် ပူးပေါင်းစစ်ကြောင်းတို့ ဟွေအော့အ ရှေ့ဘက် လွယ်ဖာဖိန့်၌ တပ်စခန်း ချထားပြီး လီစူးရွာသူရွာသားများက နအဖတပ်အတွက် တောင်ပေါ် ရေထမ်းပို့နေရကြောင်း သိရှိရသည်။

 

 

 

Most read this week