သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင် အခြေစိုက် စစ်ဆင်မှု ကွပ်ကဲရေး ဌါနချုပ်အမှတ် (၂) က လမ်းကင်းဂိတ် စောင့်ပုလိပ်များ အားလုံးဆုတ်ခွါရန် ညွှန်ကြားထားကြောင်း ...
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် မိုင်းနောင် အခြေစိုက် စစ်ဆင်မှု ကွပ်ကဲရေး ဌါနချုပ်အမှတ် (၂) က လမ်းကင်းဂိတ် စောင့်ပုလိပ်များ အားလုံးဆုတ်ခွါရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရပါသည်။
“မိုင်းနောင်လမ်းကင်း ဂိတ်တွေမှာ စောင့်တဲ့ ပုလိပ်တွေကိုဘဲ ဆုတ်ခိုင်းတာ မဟုတ်ဘူး။ လဲချား၊ မိုင်းကိုင်၊ ကျေးသီးနဲ့ မိုင်းရှုး လမ်းဂိတ်တွေမှာ စောင့်တဲ့ အင်အားချိနဲ့ ပုလိပ်တွေ အားလုံးဆုတ်ခိုင်းတာ” ဟု မိုင်းနောင် ဒေသခံ တစ်ဦးက ပြောပါသည်။
အောက်တိုဘာ ၁၇ ရက် မိုင်းနောင်မြို့နယ်ခွဲ၌ လမ်းကင်းဂိတ်စောင့် နအဖရဲတပ်ဖွဲ့နှင့် သျှမ်းစစ်သားဟု ယူဆရသော နွားကျောင်းသား ဟန်ဆောင်လူတစ်စုအကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပြီး နောက်တစ်နေ့ ၁၈ ရက်၌ ဆုတ်ခွါရန် ညွှန်ကြားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောပါသည်။
“အခု ရဲတပ်တွေ ဆုတ်ခိုင်းတာ SSA တောင်ပိုင်း လှုပ်ရှားတဲ့ နယ်မြေတွေမှာတင်မက SSA မြောက်ပိုင်း လှုပ်ရှားတဲ့ နယ်မြေမှာလဲ ဆုတ်ခိုင်းတော့ နအဖက နှစ်ဖွဲ့စလုံးကို သတိမူရန် ဆောင်နေတဲ့ သဘော ရှိတယ်။ မနှစ်တုန်းကလို စစ်တပ်တွေ ဆုတ်ခိုင်းပြီး ရွာတွေရွေ့ပြောင်းခိုင်းတာမျိုး ဖြစ်လာနိုင်တယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါသည်။
၂၀၀၉ ဂျွန်လိုင်လနှောင်းပိုင်း လဲချား-မိုင်းကိုင်အကြား SSA တောင်ပိုင်းနှင့် လမ်းကင်းဂိတ်စောင့် နအဖစစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွါးပြီးနောက် နအဖစစ်တပ် အားလုံးဆုတ်ခွါရန် အမိန့်ချခဲ့သည်။ ထို့နောက် လဲချား၊ မိုင်းကိုင်နှင့် မိုင်းနောင် မြို့နယ်ရှိ ရွာပေါင်း ၅၀၀ ခန့်ကို နအဖက ရွေ့ပြောင်ခိုင်းခဲ့သည်။