သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ် သတ်မှတ်ကျောက်မီးသွေးမိုင်းဂွင်အတွင်းပါ သိမ်းဆည်းခံရသည့် လယ်မြေများအတွက် မြန်မာ့စီးပွါးရေး ဦးပိုင်ကုမဏီထံ လျော်ကြေး သွားယူ....
သျှမ်းပြည်အလယ်ပိုင်း ကျေးသီးမြို့နယ် သတ်မှတ်ကျောက်မီးသွေးမိုင်းဂွင်အတွင်းပါ သိမ်းဆည်းခံရသည့် လယ်မြေများအတွက် မြန်မာ့စီးပွါးရေး ဦးပိုင်ကုမဏီထံ လျော်ကြေး သွားယူရန် ဒေသခံရွာသားများအား ဆင့်ခေါ်ရာ လယ်ဖိုးလျော်ကြေး အမြန်သွားမယူလျင် မှည့်ဝင်းနေသော စပါးများပေး ရိတ်မည် မဟုတ်ကြောင်း နအဖတပ်က ခြိမ်းခြောက်သည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုသည်။
ယခုလ ၆ ရက်နေ့ ကျေးသီး အခြေစိုက် ခလရ ၁၃၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆန္ဒမောင်နှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးခင် မောင်အေးတို့က မိုင်းကောင်တိုက်နယ် မိုက်ဟုန်းလိန် ဆွန်မွမ်း ရွာသူကြီးနှင့် လယ်ပိုင်ရှင်များအား ဆင့်ခေါ်ညွှန်ကြားပြီး အသိမ်းခံရသော လယ်မြေ ဧက ၈၀ အတွက် တဧက ကျပ် ၂၅၀၀၀ သာ ပေးမည်ဟု ဆိုသဖြင့် လယ်သမားများ သွားမယူရဲဘဲ ပူပင်သောက ရောက်နေကြကြောင်း သိရသည်။
“အပြင်မှာ တဧက ကျပ် ၂ သိန်း ၃ သိန်း ရောင်းဝယ်ကြတာ။ ကျနော်တို့ကို ၂ သောင်းကျော်လေးဘဲ ပေးတော့ ဘယ်ယူချင်ပါ့မလဲ။ လယ်လဲ ရှုံးးမယ်၊ ရပ်ရွာလဲ ရွှေ့ပြောင်းခိုင်းဦးမယ်။ ဒီကြားထဲ သူတို့ ပေးတဲ့ လျော်ကြေး သွားမယူရင် ရိတ်သိမ်းဖို့ အသင့်ဖြစ်နေတဲ့ စပါးတွေလဲ ပေးမရိတ်ဘူးတဲ့။ မယူပြန်တော့လဲ လယ်မြေလဲရှုံးး၊ စပါးလဲရှုံး။ လယ်သမားတွေ အခက်တွေ့နေတယ်” နယ်စပ်ရောက် မိုင်းကောင် တိုက်နယ်သား တဦးက ပြောပြ၏။
အဆိုပါ လယ်မြေများမှာ 2009 မေလကတည်းက အသိမ်းခံရသည့် လယ်မြေဧက ၄၀၀ အနက် ဧက ၈၀ အား လျော်ကြေး ပေးခြင်း ဖြစ်သည်ဟု ဆို၏။
“သူတို့ သိမ်းယူတဲ့ ကုန်းတန်းမြေပြန့်လယ်မြေယာခင်း စုစုပေါင်းဧက ၅၀၀၀ ကျော် ရှိတယ်။ ဧက ၄၀၀ ဆိုတာက ၄-၅ တိုက်နယ်ထဲက စပါး စိုက်တဲ့ လယ်ဘဲ။ သိမ်းယူတုန်းက တပ်နယ်မြေချဲ့ဖို့ဘဲ ပြောတာ။ ကျောက်မီးသွေးတူး ဖော်ရေးစီမံ ကိန်းလို့ မပြောဘူး” ဟု လယ် အသိမ်းခံရသည့် လယ်သမား တဦးက ပြောကြောင်း အဆိုပါ လူငယ်က ပြန်လည်ပြောပြ၏။
စင်စစ် လျော်ကြေးကိစ္စ တာဝန်ရှိသူမှာ နေပြည်တော်မှ လာသည့် ကျောက်မီးသွေးစီမ့ကိန်းဒေသရုံးထိုင် MEC မြန်မာ့စီးပွါးရေး ဦးပိုင် ကိုယ်စားလှယ် ဗိုလ်မှူး ငွေရသွန်နှင့် ဗိုလ်ကြီး ဟိန်းထက်ဇော်တို့ ဖြစ်သော်လည်း ခေါင်းရှောင်ပြီး ၁၃၁ တပ်ရင်းမှူးများအား အာဏာသုံး ညွှန်ကြားရန် လက်တုန့်လိုက်ခြင်း ဖြစ်ကြောင်း ကျေးသီးဒေသခံတဦးကလည်း ပြောသည်။
ကျောက်မီးသွေး စီမံကိန်း လုံခြုံရေးအတွက် ခလရ ၁၃၁ အခြေစိုက် လာချိန်မှ စ၍ ဒေသခံလူထု၏ ကျွဲ၊ နွားများ လစဉ် ပစ်သတ် စားသောက်ခြင်းခံရသည်ဟု ဆို၏။ ယခုလ ၅ ရက်နေ့ကလည်း ဗိုလ်မှူး ခင်မောင်အေးက ၆”x၁” အရှည် ၆ ပေရှိ ထင်းရှူးသား ပေးသွင်းရန် တအုပ်စု အချပ်ရေ ၁၅၀ စီ ဆင့်ဆိုခဲ့သေးသည်ဟု ဆိုပါသည်။
“၀မ့်ဖွီး၊ ပန်စေ့၊ ၀မ့်ခုံ့၊ ၀မ့်ခဲမ် အုပ်စုတွေ ဆင့်ဆိုခံရတယ်။ ထင်းရှူးပျဉ်အချပ် ၁၅၀ ရဲ့ တန်ဖိုးက ကျပ် ၉ သောင်းလောက် ရှိမယ်။ ပြီးခဲ့တဲ့ အပတ်ထဲက ရွာသားတွေ ပိုက်ဆံရော ပျဉ်ရောအကုန်းပို့ပေးပြီးပြီ” ဟု အဆိုပါ ကျေးသီးမြို့ခံက ဆက်ပြောပြသည်။
ကျောက်မီးသွေး စီမံကိန်းနယ်မြေအဖြစ် အသိမ်းခံရသော ဂွင်မှာ နမ့်ဟဲန်ချောင်း တလျှောက်ရှိ မိန်းကောင် အုပ်စု၊ မိုက်ဟုန်း လိန် အုပ်စု၊ ကုန်းခေါဝ် အုပ်စုမှရွာပိုင်မြေယာများ ဖြစ်၏။ ၁ နှစ်ကျော်အတွင်း အပေါ်ယံ မြေသားများ တူးဖော်ဖယ်ရှားကာ ကားကြီးများ တင်၍ တခြားနေရာသို့ သွားသွန်ထားဆဲ အခြေအနေမှအပ တူးဖော်တင်ပို့ရေး အစီအစဉ် အကြီးအကျယ် မရှိသေးကြောင်းလဲ အဆိုပါ ကျေးသီးဒေသခံကပင် ဆက်ပြောပြပါသည်။