မူးယစ်ရာဇာအဖြစ် ကျော်ကြားလျက်ရှိသော ပြည်သူ့စစ်ခေါင်း ဆောင်များက USDP ပါတီကတဆင့် လာမည့် နိုဝင်ဘာ ၇ ရက် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်.....
မူးယစ်ရာဇာအဖြစ် ကျော်ကြားလျက်ရှိသော ပြည်သူ့စစ်ခေါင်း ဆောင်များက USDP ပါတီကတဆင့် လာမည့် နိုဝင်ဘာ ၇ ရက် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
“မူးယစ်ရာဇာလို့ နာမည်ကြီးနေတဲ့ ပြည်သူ့စစ် ခေါင်းဆောင် လေးယောက် ရှိတယ်။ သူတို့ကို ကြံ့ဖွံ့ပါတီက စိတ်ကြိုက်ရွေးထားတာလေ။ ကွတ်ခိုင်က နှစ်ယောက်၊ မူဆယ်နဲ့ နမ့်ခမ်းက တစ်ယောက်စီ ဖြစ်တယ်” ဟု မူဆယ်ဒေသခံ တစ်ဦးက ပြောပါသည်။
ကွတ်ခိုင်မြို့မှ ဦးမြင့်လွင် (ခေါ်) ၀မ်ကော့တာနှင့် ဦးထီခွန်မြတ်တို့ နှစ်ဦးစလုံး ပြည်နယ်လွှတ်တော်အဆင့် ယှဉ်ပြိုင်မည် ဖြစ်သည်။
ကွတ်ခိုင်မြို့နယ် တာမိုးညဲ ပြည်သူ့စစ် ခေါင်းဆောင် ဦးမြင့်လွင် (အသက် ၆၀ နှစ်)သည် ကြံ့ဖွံ့အသင်း အနေဖြင့် တာမိုးညဲမြို့နယ်ခွဲ ကိုယ်စားလှယ်အဖြစ် ညောင်နှစ်ပင်ညီလာခံကိုလည်း တက်ရောက်ခဲ့ဖူးသူ ဖြစ်သည်။
“မြို့ပေါ်က လူတွေ အားလုံးတော့ သူ့ကို မူးယစ်ရာဇာလို့ သိကြတယ်” ဟု ကွတ်ခိုင်ဒေသခံ တစ်ဦးက ပြောပါသည်။
အင်အား ၆၀၀ ခန့်ရှိ ကွတ်ခိုင်ပြည်သူ့စစ် ခေါင်းဆောင် ဦးထီခွန်မြတ် (အသက် ၅၇ နှစ်) မှာလည်း ညောင်နှစ်ပင်ညီလာခံ တက်ရောက် ခဲ့ဖူးသည်။
“(ဖျက်သိမ်း) မြန်မာမေဖလားဝါးဘဏ်ရဲ့ ရှယ်ယာဝင် တစ်ဦးလဲ ဖြစ်တယ်။ ငွေမဲကနေ ငွေဖြူ လုပ်တဲ့ နေရာမှာ ထင်ရှားတယ်” ဟု ၎င်းက ဆက်လက်ပြောပါသည်။
ကချင်အမျိုးသား ဦးကင်မိုင် (အသက် ၅၀ နှစ်)မှာ အင်အား ၂၀၀ ရှိ မူဆယ်မြို့နယ် မိုင်းပေါ့ ပြည်သူ့စစ် ခေါင်းဆောင် ဖြစ်သည်။ မူဆယ်မြို့ မဲဆန္ဒနယ်မြေ (၂)၌ ပြည်နယ်လွှတ်တော်အဆင့် ယှဉ်ပြိုင်မည် ဖြစ်သည်။
“မူဆယ်နဲ့ ကွတ်ခိုင်မှာ ဦးမြင့်လွင်နဲ့ ဦးကင်မိုင်တို့က မူးယစ်ဆေးဝါးတွေ ထုတ်လုပ်တယ်။ ဦးထီခွန်မြတ်က ဦးကင်မိုင် ထိန်းချုပ်နယ်က တဆင့် မူးယစ်ဆေးတွေ တရုတ်ဘက်ကို ပို့တယ်” ဟု အဆိုပါ ကွတ်ခိုင်ဒေသခံက ဆက်ပြော၏။
အသက် ၅၁ နှစ်ရှိ ပန်းဆေးကျော်မြင့်သည် မူဆယ်မြို့နယ် USDP ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဖြစ်သည့်အပြင် ခိုလုံလီစူး (ပန်းဆေး ကျေးရွာအုပ်စု) ပြည်သူ့စစ် ခေါင်းဆောင်လည်း ဖြစ်သည်။ လီစူးလူမျိုးစုကိုယ်စားလှယ်အဖြစ် ညောင်နှစ်ပင်ညီလာခံကို တက်ရောက် ခဲ့ဖူး၏။
“ပန်းဆေးကျော်မြင့်က နမ့်ခမ်းမြို့ပြည်သူ့လွှတ်တော်အဆင့် ယှဉ်ပြိုင်မယ်။ မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လူသိများတယ်။ မူဆယ်အနီး (ရွှေလီမြစ်လယ် ကျွန်းပေါ်ရှိ) ယုန်ယန်လောင်းကစားရုံကိုလဲ သူပိုင်တယ်” ဟု ဖိုင်ဟောင် ရပ်ကွက်နေ မူဆယ်ဒေသခံ တစ်ဦးက ပြောပါသည်။
တရုတ်-မြန်မာနယ်စပ် ရွှေလီမြစ်အတွင်းသွားလာနေသော ကူးတို့ စက်လှေများ၏ ပိုင်ရှင် စိုင်းကျော်ထွေးမှာ ပန်းဆေး ကျော်မြင့်၏ညီ ဖြစ်ပြီး (ယခင် စစ်တိုင်းမှူး) ဗိုလ်ချုပ် မြင့်လှိုင်နှင့်လည်း အထူးရင်းနှီးသည့် မူးယစ်ကုန်သည်ဟု နမ့်ခမ်းမြို့ ပန်းဆေးကျေးရွာအုပ်စု ရွာသားတဦးက ပြောပါသည်။
စိုင်းထွန်းမောင် (စိုင်းကျော်ထွေး၏ ယောက်ဖ) မှာ လီစူးလူမျိုး လူနည်းစု ၀န်ကြီး နေရာ၌ ယှဉ်ပြိုင်မည်ဟု သိရ၏။ နိုင်ငံအ၀ှမ်း လူဦးရေ၏ ၀.၁% (၅၇,၀၀၀ ဦး) ပြည့်ကာ ထောက်ခံမဲပါ အနိုင်ရရှိပါက စိုင်းထွန်းမောင် ခေါ် စိုင်းခမ်းအွန်သည် သျှမ်းပြည်ရှိ လီစူး လူမျိုးစု ၀န်ကြီး ဖြစ်လာနိုင်ကြောင်း နမ့်ခမ်း ဒေသခံများက ပြောကြသည်။