သျှမ်းပြည် (မြောက်ပိုင်း)၌ လိုင်စင်မဲ့ ကားများ ဖမ်းဆီး

သျှမ်းပြည် (မြောက်ပိုင်း)၌ လိုင်စင်မဲ့ ကားများ ဖမ်းဆီး

လိုင်စင်မဲ့ ကားများ လိုင်စင် ထုတ်ပေးခြင်းကို ယခုလ ၂၃ ရက်နေ့က နိုင်ငံတစ်ဝန်းလုံး တရားဝင် ရပ်ဆိုင်းအပြီး လိုင်စင်မဲ့ကား ဖမ်းဆီးမှု သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်နှင့် နမ့်ခမ်းမြို့များ၌ ယခုလ ၂၅ ရက်က  စတင်....

လိုင်စင်မဲ့ ကားများ လိုင်စင် ထုတ်ပေးခြင်းကို ယခုလ ၂၃ ရက်နေ့က နိုင်ငံတစ်ဝန်းလုံး တရားဝင် ရပ်ဆိုင်းအပြီး လိုင်စင်မဲ့ကား ဖမ်းဆီးမှု သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်နှင့် နမ့်ခမ်းမြို့များ၌ ယခုလ ၂၅ ရက်က  စတင်လိုက်သည်။

မူဆယ်၊ နမ့်ခမ်းမှ ရမခ တိုင်းမှူးသစ် ဗိုလ်မှူးချုပ် အောင်ကျော်ဇော အပြန်ခရီးနောက်ပိုင်း ယခု ဖမ်းဆီးမှု စတင်ခဲ့ရာ တစ်ရက်အတွင်း မူဆယ်တွင် လိုင်စင်မဲ့ကား ၁၉ စီး အဖမ်းခံခဲ့ရကြောင်း မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“စနေနေ့က တိုင်းမှူးလည်း ဒီဘက်ကနေ ပြန်သွားရော ၁၀၅ မိုင်ကျော် ရုံဘဲ ရှိသေးတယ်၊ မူဆယ်မှာ မိုးရွာရွာကြီး စဖမ်းတော့တာဘဲ၊ အများစု ကတော့ နံမည်ကြီး ကားပွဲစား တစ်ဦးရဲ့ ကားတွေနဲ့ ကုန်သည်တွေရဲ့ ကားတွေ အဖမ်းခံရတယ်” ဟု မူဆယ်မြို့ခံ တစ်ဦးက ဆိုသည် ။

စုံစမ်းစစ်ဆေးရေး အဖွဲ့ (စသုံးလုံး)၊ ယာဉ်ထိန်းနှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ရာ ဖမ်းမိသည့် ကားများကို မူဆယ် စသုံးလုံး ၀င်းအတွင်း ထားရှိကြောင်း သိရသည်။

လိုင်စင်မဲ့ကား ဖမ်းရသည့် အကြောင်းရင်းနှင့် အဖမ်းခံကားကိစ္စ မည်သို့ ဆောင်ရွက်မည်ကို အာဏာပိုင်များမှ ရှင်းလင်းပြောကြားခြင်း မရှိသေးဘဲ ကားပိုင်ရှင်အတွက် အာမခံငွေ ကျပ်သိန်း ၅၀ ပေးဆောင်ရကြောင်း မြို့ခံ နောက်တစ်ဦးက ပြောသည် ။

“ကားကတော့ သိမ်းသွားတာပေါ့၊ လိုင်စင် လုပ်ရင် လွတ်ပေးမလား၊ အပြီး သိမ်းလိုက်တာလားဆိုတာ သူတို့ ဘာမှ မပြောသေးဘူး၊ လောလောဆယ် ကားပိုင်ရှင်ကတော့ သက်သေ ၂ ယောက် ခေါ်ပြီး ၀န်ခံလက်မှတ် ထိုးရတာ။ အာမခံငွေ သိန်း ၅၀ ပေးရတယ် ၊ သူတို့ ခေါ်တဲ့ အချိန် သွားရမဲ့ သဘော ရှိတယ်၊ အခု ဘာမှ မသိရသေးဘူး” ဟု သူက ပြောသည်။

မူဆယ်ခရိုင် နမ့်ခမ်းမြို့ပေါ်တွင်လည်း  လိုင်စင်မဲ့ ကားများ ဖမ်းဆီးနေရာ ယနေ့အထိ ၅ စီး အဖမ်းခံထားရကြောင်း နမ့်ခမ်းမြို့ခံများက ဆိုသည် ။

အဖမ်းခံရသည့် လိုင်စင်မဲ့ကားများသည် သာမန် အရပ်သားပိုင် ကားများဖြစ်ကြောင်း ယခုဖမ်းမိသည့် ကားအစီးရေသည် မူဆယ်တွင် ရှိသည့် လိုင်စင်မဲ့ကား အရေအတွက်၏ ၁၀ ရာခိုင်နူန်းပင် မရှိသေးကြောင်း စောစောက မူစယ်ဒေသခံက ဆက်ပြောသည် ။

“အကုန်လုံး တစ်ပြေးညီ ဖမ်းတာ မဟုတ်ဘူး၊ ၀န်ထမ်းတွေ စီးတဲ့ ကားမဖမ်းဘူး၊ ဆင်ဖြူဂိတ် လုံခြုံရေး အဖွဲ့တွေ စီးနေတဲ့ ရက/၅၆၂၂ နံပတ် တပ်ထားတဲ့ ပါဂျဲရိုး ကားက ၀စ်သောက်ပဲ၊ အခုထိ မဖမ်းဘူး” ဟု သူက ဆိုသည်။

လိုင်စင်မဲ့ ကားများ လိုင်စင် ထုတ်ပေးရာတွင် ၀န်ထမ်းများ လာဘ်စားမှု၊ ဒေသတစ်ခုနှင့်တစ်ခု ရာဖြတ် ဈေးနူန်းနှင့် အခွန်များ မတူညီမှုတို့ကြောင့် လိုင်စင် ထုတ်ပေးခြင်းကို မူဆယ်မြို့ အပါအ၀င် ထိုင်းနှင့် တရုတ်နယ်စပ်မြို့ ၅ မြို့၌ ယခုလ ရ ရက်က  ရပ်နားလိုက်ပြီး နိုင်ငံတစ်ဝန်းလုံး အတိုင်းအတာဖြင့် ယခုလ ၂၃ ရက်နေ့ ရပ်နားခဲ့ကြောင်း သိရသည်။

သြဂုတ်လဆန်းမှ စ၍ လိုင်စင်မဲ့ ကားများအား ရာဖြတ် အဖွဲ့မှ တန်ဖိုးဖြတ်၍ ကားတန်ဖိုး၏ ဂ၅ ရာခိုင်နူန်း အခွန်ဆောင်စေပြီး လိုင်စင် ထုတ်ပေး ခဲ့သည်။