အိမ်နီးချင်းကောင်း ပီသဖို့ တရုတ်တွင် တာဝန်ရှိဟု အတိုက်အခံများပြော

အိမ်နီးချင်းကောင်း ပီသဖို့ တရုတ်တွင် တာဝန်ရှိဟု အတိုက်အခံများပြော

တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးကို မှန်မှန်ကန်ကန် ပြောဆိုရန် အိမ်နီးချင်းကောင်း နိုင်ငံအနေဖြင့် တာဝန်ရှိကြောင်း ထိုင်း နယ်စပ် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော်သံခဲက သျှမ်းသံတော်ဆင့်သို့....

တရုတ်နိုင်ငံသည် မြန်မာ့နိုင်ငံရေးကို မှန်မှန်ကန်ကန် ပြောဆိုရန် အိမ်နီးချင်းကောင်း နိုင်ငံအနေဖြင့် တာဝန်ရှိကြောင်း ထိုင်း နယ်စပ် အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ဥက္ကဋ္ဌ ရဲဘော်သံခဲက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ရွေးကောက်ပွဲဟာ မြန်မာ့ပြည်တွင်းရေး ဖြစ်လို့ အခြားသူတွေ အနေနဲ့ ၀င်မစွက်သင့်ဘူး ဆိုတာကိုက နအဖ စစ်အစိုးရကို ခုခံပြောလိုက်တာဘဲ၊ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု အကျိုးမဟုတ်ဘူး၊ စစ်အာဏာရှင်တွေအတွက် ဖြစ်တယ်ဆိုတာ ရှင်းနေပြီးသား၊ ဒီအပေါ်မှာ မှန်မှန်ကန်ကန် ပြောဆိုဖို့ အိမ်နီးချင်းကောင်း နိုင်ငံတခု အနေနဲ့ တာဝန် ရှိတယ်” ဟု သူက ဆိုသည်။

နအဖ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယခုလ ၇ ရက်နေ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နအဖ ကျင်းပမည့် ရွေးကောက်ပွဲကို နိုင်ငံတကာက ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် တရုတ်နိုင်ငံက သတိပေးချက်အပေါ် သူက တုန့်ပြန်ပြောဆိုခြင်း ဖြစ်သည်။

တရားမျှတမှု မရှိသည့် ရွေးကောက်ပွဲကို အကျိုးစီးပွားအရ တရုတ်က ထောက်ခံခြင်း ဖြစ်သော်လည်း နိုင်ငံတကာကို ထိုသို့ ပြောခွင့် မရှိကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကလည်း ပြောသည်။

“ရွေးကောက်ပွဲဟာ ပြည်သူလူထုကို ကျွန်ဇါတ်သွင်းနေတယ် ဆိုတာ တရုတ်လည်း သိတာပဲ။ ဒါပေမဲ့ နအဖနဲ့ ဆက်စပ်နေတဲ့ အကျိုးစီးပွားပေါ်ကနေ ပြောတာက သူ့ကိစ္စလေ။ ဒါပေမဲ့ တခြားနိုင်ငံတွေလည်း သူတို့ အကျိုးစီးပွားအလိုက် ပြောဆို ဆက်ဆံနေတဲ့ အပေါ် ပြောပိုင်ခွင့် မရှိပါဘူး” ဟု ဆိုသည်။

ထို့အပြင် တရုတ်နယ်စပ်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ထိခိုက်စေမည့် လုပ်ရပ်များနှင့် နအဖ ဆန့်ကျင်သည့် လှုပ်ရှားမှုများကို တရုတ်က လက်ခံမည် မဟုတ်ကြောင်း သမ္မတ ဟူကျင်းထောင်၏ ပြောကြားချက်ကို ကိုးကား၍ စက်တင်ဘာလ ၁၂ ရက်နေ့ ထုတ် စစ်အစိုးရ သတင်းစာတွင် ရေးသားထားသည်။

 

 

Most read this week