လာမည့် ရွေးကောက်ပွဲ၌ ကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် လားရှိုးကြီး ‘ယူလီခ’ ဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်းက အခမဲ့ ဆေးကုပေးမည်ဟု လူထုကျန်းမာရေး အကြောင်းပြု မက်လုံးပေးပြီး စည်းရုံးရေး ဆင်းနေ....
လာမည့် ရွေးကောက်ပွဲ၌ ကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် လားရှိုးကြီး ‘ယူလီခ’ ဆေးခန်းပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်းက အခမဲ့ ဆေးကုပေးမည်ဟု လူထုကျန်းမာရေး အကြောင်းပြု မက်လုံးပေးပြီး စည်းရုံးရေး ဆင်းနေကြောင်း သျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်က ဆိုပါသည်။
“ဟုတ်တယ်၊ လာမယ့် စက်တင်ဘာ ၃ ရက်နေ့ လားရှိုးမြို့ အရှေ့မြောက်ဘက် ၇ မိုင်လောက်ဝေးတဲ့ မတ်ချီ့နူ ကျေးရွာအုပ်စုဘက် စည်းရုံးရေး ဆင်းမယ်၊ ကျန်းမာရေး အဖွဲ့နဲ့လာမယ်၊ ဆိုင်ရာရပ်ရွာ အကြီးအကဲတွေကနေ လူစုခိုင်းထားတယ်။ မတ်ချီ့နူဘက်ပြီးရင် နမ့်ပေါ့င်ကျေးရွာအုပ်စုဘက် သွားပြီး အခမဲ့ ဆေးစစ်ဆေးပေးဦးမယ်တဲ့။ ရွေးကောက်ပွဲအတွက် ကြံ့ဖွတ်ကိုပဲ မဲပေးဖို့ ဟောပြောမယ် ဆိုဘဲ” ဟု လားရှိုးရောက် မတ်ချီ့နူရွာသား တဦးက ပြောပါသည်။
ကြံ့ဖွတ်အသင်း နိုင်ငံရေးပါတီ အဖြစ်ပြောင်းလဲခဲ့စဉ်မှ စ၍ လားရှိုးကြီး ‘ဟုံးယာယူလီခ’ အထူးကု ဆေးခန်း ပိုင်ရှင် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း သျှမ်းပြည် မြောက်ပိုင်း တလွှားဆက်တိုက် စည်းရုံးရေး ဆင်းခဲ့၏။ အထူးသဖြင့် လားရှိုးမြို့နယ်အတွင်း စည်းရုံးရေး ဆင်းရာမှာ ‘ကြံ့ဖွတ်ပါတီကို ထောက်ခံမှု မပေးပါက ထနှစ်လုံး ဘ၀ ရောက်သွားနိုင်ကြောင်း’ ပြောဆိုခြိမ်းခြောက်ခဲ့သေးသည်ဟု ဆိုသည်။
“မထင်မှတ်ဘဲ ဆရာက ကြံ့ဖွတ်ယူနီဖေါင်းကြီးနဲ့ ဆိုတော့ အသိတချို့က ဒီလူဘယ်တုန်းက ထဘီစိမ်းပြောင်းဝတ် လိုက်တာလဲ မေးဖူးတယ်။ သူကိုယ်တိုင်ကတော့ ဒီ (၈) လပိုင်းထဲမှာ ပြောတဲ့ စကားက ကိုယ့်အမျိုးသားရေး အတွက် ကောင်းကျိုး လုပ်ပေးချင်ရင် နှလုံးသားထက် ဦးနှောက်ကို သုံးရမယ်။ ဦးနှောက် မသုံးဘဲ နှလုံးသား ဆန္ဒတခုဘဲ ကြည့်ရင် ထနှစ်လုံးနဲ့ ကြံရမယ်။ ‘ထ’ တလုံးက ထောင်၊ နောက် ‘ထ’ တလုံးက (သျှမ်းဘာသာ ထိန်င်- အဓိပ္ပါယ် က ‘တော’) တောထဲ ရောက်သွားမယ် ဆိုတဲ့သဘော၊ ကြံ့ဖွတ်ကို မထောက်ခံရင် အဲဒီလမ်း ၂ ခုဘဲ ခင်ဗျားတို့ ရွေးဖို့ ရှိတယ်လို့ ပြောတယ်” ဟု လားရှိုးသားလူငယ် တဦးက ပြောသည်။
ဒေါက်တာ စိုင်းမောက်ခမ်း ကြံ့ဖွတ် ၀င်ရခြင်းနှင့် ပတ်သက်၍ အဆိုပါ ပုဂ္ဂိုလ်က ကြံ့ဖွတ်ပါတီ ၀င်ရန် ယခင် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ကိုယ်တိုင်နှစ်ဆန်းပိုင်းကတည်းက ဖြောင်းဖြဖိအားပေးခဲ့ကြောင်း၊ စက်မှု (၁) ၀န်ကြီး ဦးအောင်သောင်း ကိုယ်တိုင် လားရှိုးတိုင်းမှူးကဲ့သို့ တိုက်တွန်းခဲ့သော်လည်း နိုင်ငံကျော် တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်က ပါးနပ်စွာ ငြင်းဆိုခဲ့ကြောင်း၊ ဆေးခန်းကြီး ဖွင့်ထားသည့် ဒေါက်တာ စိုင်းမောက်ခမ်း မှာမူ လက်မခံလျှင် စစ်အာဏာပိုင်များ အနှောင့်အယှက် ပေးလာမည်ကို စိုးရိမ်သောကြောင့် မလွဲသာ ၀င်လိုက် ရကြောင်း၊ သို့သော်လည်း ၎င်း၏ ပြောစကားများအပေါ် အံ့သြမိကြောင်း ထိုလူငယ်က ကောက်ချက်ချသည်။
တပြည်လုံး၏ သျှမ်းစာပေ ယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဌ တာဝန်ယူနေသေးသူ အသက် ၆၀ ကျော် သျှမ်းဆရာဝန် ဒေါက်တာ စိုင်းမောက်ခမ်း ကြံ့ဖွတ်ပါတီအတွက် လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် အမတ်လောင်းအဖြစ် နာမည် မတင်သွင်းမီကပင် သျှမ်းစာပေ ယဉ်ကျေးမှု အသင်းဝင် အချို့က နိုင်ငံရေး လုပ်လျှင် မိမိကိုယ်ပိုင် အသိဖြင့် ဥက္ကဌ နေရာမှ နှုတ်ထွက်သင့်သည်ဟု အတန်တန် ပြောဆိုကြဘူးသည်။