သျှမ်းပြည်တောင်ပိုင်း အချို့မြို့များ၌ ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် ကူညီမဲဆွယ်.....
သျှမ်းပြည်တောင်ပိုင်း အချို့မြို့များ၌ ဦးအောင်ခမ်းထီ ဦးဆောင်သည့် PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ကြံ့ဖွတ်ပါတီ အနိုင်ရရေးအတွက် ကူညီမဲဆွယ်စည်းရုံးနေကြောင်း စုံစမ်းသိရှိရပါသည်။
“တောင်ကြီးမှာဆို ထောက်ခံမဲ ထည့်ပေးဖို့ တင်မကဘူး၊ PNO အဖွဲ့ဝင်တွေက ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ် လောင်း အဖြစ်တောင် ၀င်ရောက်ယှဉ်ပြိုင်ပေးမှာ ဖြစ်တယ်” ဟု ပအိုဝ်းလူငယ် တဦးက ပြောပါသည်။
PNO ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်သည် စစ်အုပ်စု ဖွဲ့စည်းပုံ၌ သတ်မှတ်ပေးသည့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အတွက် အဓိက နိုင်ငံရေးပါတီ ဖြစ်၏။ ပအိုဝ်းတိုင်းရင်းသား အနေများသည့် တောင်ကြီး၊ လွိုင်လင်၊ ပင်လုံ တို့တွင်မူ PNO တိုက်ရိုက်ယှဉ်ပြိုင်မည် မဟုတ်ဘဲ ကြံ့ဖွတ်ပါတီ အောင်နိုင်ရေးအတွက်သာ ပံ့ပိုးမဲဆွယ် စည်းရုံး သွားမည်ဟု PNO အကြီးအကဲများက ဆိုင်ရာပုဂ္ဂိုလ်/ အဖွဲ့အစည်း များအား ညွှန်ကြားထားကြောင်း လွိုင်လင်သား တဦးက ပြောပါသည်။
“ကျနော်တို့ တောင်ကြီးမှာ ပအိုဝ်းလူမျိုး အများစု နေထိုင်ပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က ပအိုဝ်းလူနည်းစု 0.1% လွှတ်တော်အမတ်လောင်း ပေးမပြိုင်ဘူး၊ ဗမာတွေတော့ ရတယ်တဲ့ဗျာ။ ဒါက မတရားဘူးလို့ ကျနော် မြင်တယ်။ အဲဒီ ဖိနှိပ်ခံရတဲ့ အခြေအနေအောက်မှာ PNO က စစ်အာဏာရှင် ကျောထောက် နောက်ခံပြုတဲ့ ကြံ့ဖွတ်ကို အားမပေးသင့်ဘူး” ဟု တောင်ကြီးမြို့ခံ ပအိုဝ်းအမျိုးသား တဦးက ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြိုခံများကလည်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် PNO ကို ကြံ့ဖွတ်က အကူအညီ ပေးမည် ဖြစ်ပြီး ပအိုဝ်း အများစု နေထိုင်သည့် အခြားမြို့နယ်၌ ကြံ့ဖွတ်ပါတီ စည်းရုံးရေး ဆင်းလျှင် PNO က အကူညီ ပေးသွားမည်ဟု ဆို၏။
ဦးအောင်ခမ်းထီ ဦးဆောင်သော ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့သည် ၁၉၉၁ မတ်ခ်ျ ၂၇ ရက် ၌ နအဖနှင့် အပစ် ရပ်ခဲ့သည်။ ၁၉၉၃ ကြံ့ဖွတ်အသင်း တည်ထောင်ချိန်မှ စ၍ ဦးအောင်ခမ်းထီအားလည်း ကြံ့ဖွတ် နာယကအဖြစ် စစ်အုပ်စုက တင်မြောက်ထားသည်။ နအဖ ဦးစီးကျင်းပမည့် ၂၀၁၀ (နိုဝင်ဘာ ၇ ရက်) ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရန် PNO လည်း ကြံ့ဖွတ်ပါတီကဲ့သို့ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲကာ ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့အားလည်း နအဖ ကာကွယ်ရေးဦးစီးချုပ် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် ခေါင်းငြိမ့်ခဲ့ပြီး ဖြစ်၏။
၁၉၉၀ ရွေးကောက်ပွဲတွင် ဆီဆိုင်၊ ပင်လောင်း မဲဆန္ဒနယ်အတွင်း ၃ နေရာ အနိုင်ရခဲ့တဲ့ ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် UPNO မှာမူ ‘၁၉၉၀ ရွေးကောက်ပွဲ ရလဒ် အကောင်အထည် ဖေါ်ခြင်း မရှိဘဲ ယခု ရွေးကောက်ပွဲ ထပ်ဝင်ပါက မဲထည့်ခဲ့သည့် ပြည်သူလူထု၏ စေတနာ စော်ကားရာကျသည်’ ဟု ဆိုကာ အာဏာသိမ်း စစ်အုပ်စု ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ပါဝင်ခြင်း မရှိကြောင်း အဆိုပါ လူငယ်က ပြောပြ၏။
နအဖ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပအိုဝ်းအမျိုးသားတို့အတွက် သျှမ်းပြည်တောင်ပိုင်း ဟိုပုံး၊ ဆီဆိုင်နှင့် ပင်လောင်း ၃ မြို့နယ်အား စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအဖြစ် သတ်မှတ် ပေးထား သည်။