ရွေးကောက်ပွဲ ကော်မရှင်သို့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း တင်ပြရန် သျှမ်းပြည်အရှေ့ပိုင်း ငါးမြို့နယ် ကျားဖြူပါတီ အစည်းအဝေးတစ်ရပ် ကျိုင်းတုံတွင် ကျင်းပ....
ရွေးကောက်ပွဲ ကော်မရှင်သို့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း တင်ပြရန် သျှမ်းပြည်အရှေ့ပိုင်း ငါးမြို့နယ် ကျားဖြူပါတီ အစည်းအဝေးတစ်ရပ် ကျိုင်းတုံတွင် ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
အစည်းအဝေးကို သြဂတ်စ် ၂၃ ရက် မွန်းလွဲ ၁း၀၀နာရီ မှ ၃း၃၀ နာရီအထိ ကျိုင်းတုံမြို့(ရပ်ကွက် ၃) ၀မ်နောင်ခမ်း-၀ိန်းမိုင်ရှိ ကျားဖြူပါတီရုံး၌ ကျင်းပခဲ့၏။ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယွန်းနှင့် မိုင်းယန်းတို့မှ မြို့နယ်ကော်မတီ အဖွဲ့ဝင် ၃၀ ကျော်တက်ရောက်ခဲ့သည်။
“ကိုးမြို့နယ် အစည်းဝေး လုပ်ဖို့ ရည်ရွယ်ထားတာ။ ဒါပေမဲ့ ငါးမြို့နယ်ဘဲ တက်တယ်။ မိုင်းပြင်း၊ မိုင်းခတ်၊ မိုင်းလားနဲ့ မိုင်းဆတ်က မတတ်ဘူး” ဟု အစည်းအဝေး တက်ရောက်ခဲ့သော ကျိုင်းတုံ ကျားဖြူပါတီဝင်တစ်ဦးက ပြောပါသည်။
ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ကိုယ်တိုင်တက်ရန် ပြောထားသော်လည်း မအားလပ်ကြောင်း၊ ဖုန်းဖြင့်သာ အားပေးကြိုဆိုကြောင်း၊ အာဏာပိုင်များအား အကြောင်းကြားထားသောကြောင့် အာဏာပိုင်များ၏ နှောင့်ယှက်မှု မရှိကြောင်း ၎င်းက ဆက်လက်ပြောပါသည်။
ကျိုင်းတုံမြို့နယ်၌ ဆရာလုံးကျောက် ၆၈-နှစ် (ကျိုင်းတုံကျားဖြူပါတီဥက္ကဋ္ဌ)က အမျိုးသားလွှတ်တော်အဆင့်၊ စိုင်းဝန်း ၄၆-နှစ် (ဒုဥက္ကဋ္ဌ) က ပြည်သူ့လွှတ်တော်အဆင့်၊ စိုင်းသောင်းစိန် ၄၀-နှစ်(အတွင်းရေးမှူး)နှင့် စိုင်းနွံ ၄၂-နှစ်တို့က ပြည်နယ်လွှတ်တော်အဆင့်ကိုယ်စားလှယ်လောင်း များအဖြစ် ယှဉ်ပြိုင်မည်။
“တာချီလိတ်မြို့နယ် အမျိုးသားလွှတ်တော်အဆင့်ယှဉ်ပြိုင်မဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းက အမျိုးသမီး လေ။ အသက် ၅၀ ကျော်တာချီလိတ် ကျားဖြူပါတီ EC ဥက္ကဋ္ဌ ဒေါ်နန်းမြငွေ” ဟု တာချီလိတ် ကျားဖြူ ပါတီဝင် တစ်ဦးက ပြောပါသည်။
စိုင်းသိန်းအောင် (၂၇ နှစ်) က ပြည်သူ့လွှတ်တော်အဆင့်နဲ့ စိုင်းဌေးလွင်စိုး(၃၀ နှစ်)က ပြည်နယ်လွှတ်တော် အဆင့် အသီးသီး ယှဉ်ပြိုင်ကြမည်ဟု သိရသည်။
မိုင်းယွန်းမြို့နယ်အတွက် စိုင်းစောတင်က ပြည်သူ့လွှတ်တော်အဆင့်၊ စိုင်းကော်တိုင်း (၃၂ နှစ်) က ပြည်နယ် လွှတ်တော်အဆင့်၊ မိုင်းဖြတ်မြို့ နယ်အတွက် NLD ပါတီဝင်ဟောင်း ကချင်အမျိုးသား အက်စ်တာမာ (အသက် ၅၀ ကျော်) က ပြည်သူ့လွှတ်တော်အဆင့် ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
“သျှမ်းပြည်အရှေ့ပိုင်း ၄-၅ မြို့နယ်မှာ အနိုင်ရမယ်လို့တော့ ယုံကြည်တယ်။ နိုင်မယ်လို့မျှော်လင့်တယ်။ စည်းရုံးရေး တွေလဲဆင်းနေပါပြီ” ဟု ကျားဖြူကိုယ်စားလှယ်လောင်းတစ်ဦးကပြောပါသည်။