သျှမ်းပြည်အရှေ့ပိုင်း တာချီလတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ဥက္ကဋ္ဌ ရပ်ကွက်အတွင်း လမ်းပြုပြင်ရန်နှင့် ရေနှုတ်မြောင်း ဖောက်ရန် အကြောင်းပြ၍ ပိုက်ဆံကောက်ခံ....
သျှမ်းပြည်အရှေ့ပိုင်း တာချီလတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက်ဥက္ကဋ္ဌ ရပ်ကွက်အတွင်း လမ်းပြုပြင်ရန်နှင့် ရေနှုတ်မြောင်း ဖောက်ရန် အကြောင်းပြ၍ ပိုက်ဆံကောက်ခံနေကြောင်း စုံစမ်းသိရှိရပါသည်။
“အိမ်ရှေ့တိုင်းရေနှုတ်မြောင်းတူးခိုင်းတယ်။ ရှင်းခိုင်းတယ်။ အဲဒီအတွက် တစ်အိမ်တက်ဆင်း ပိုက်ဆံ ကောက်တယ်” ဟု ဆန်ဆိုင်းရပ်ကွက်သားတစ်ဦးက ပြောပြပါသည်။
ရပ်ကွက် လမ်းပြုပြင်ရန်အတွက် အဓိကပိုက်ဆံထည့်ပေးရသောသူများမှာ သစ်ဖြတ်စက်ပိုင်ရှင် စိုင်းဝန်း ဘတ် ၁၅၀၀၀၊ လုံးယောင်း ၁၅၀၀၀၊ နန်းလား ၃၂၀၀၀၊ နန်းအွေ့ ၂၅၀၀၀၊ လုံးတွေ ၉၅၀၀၊ စိုင်းစံ ၃၀၀၀နှင့် ပါ့နန်းလား ၅၀၀၀ တို့ဖြစ်ကြပြီး ကျန်ဒေသခံများထံမှလည်း အသေးအမွှားကောက်ခံခြင်းများရှိသည်ဟုဆို၏။
ထို့ပြင်အိမ်ရှေ့ရေမြောင်းတူးဖော်ရာ၌ ရပ်ကွက်ဥက္ကဋ္ဌအားအကြောင်းမကြားရကောင်းလားဟုဆိုကာ စည်ပင်သာယာ က မြေတူးစက်ဖြင့်လာရောက်ဖျက်ဆီးသွားကြောင်းကို ၎င်းကဤကဲ့သို့ပြောပြပါသည်။
“လုံးယီပေါ့။ သူ့ရဲ့အိမ်ရှေ့မြောင်းတူးတာ ဘတ် ၅၀၀၀ လောက် ကုန်သွားတယ်။ ရပ်ကွက်ဥက္ကဋ္ဌကို အကြောင်း မကြားလို့တဲ့ စည်ပင်မြေတူးစက်နဲ့လာဖျက်ပစ်တယ်။ နောက်ပြီးလုံးယီကို ရပ်ကွက်လူမှုရေးအဖွဲ့ကနေ နှုတ်ပစ် လိုက်မယ်တဲ့။ မြောင်းပြန်လုပ်ဖို့ ပိုက်ဆံလဲ ထပ်ကောက်သွားသေးတယ်။ သူ့လုပ်ရပ် တရားနည်းလမ်းမကျပေမဲ့ ဘယ်သူမှ ပြန်မပြောရဲကြဘူး”
ရပ်ကွက်အတွင်း ရေမြောင်းတူးလျှင် ၎င်းကိုယ်တိုင်စီမံမည်ဖြစ်ကြောင်း၊ ရပ်ကွက်သားကိုယ်တိုင်ဖောက်လုပ်မည် ဆိုပါက ၎င်းမှရက်သတ်မှတ်ပေးမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း ပြီးစီးအောင် လုပ်ရမည်ဖြစ်ကြောင်း သိရှိ ရသည်။
“မှတ်ပုံတင်၊ လိုင်စင်၊ မြေဂရမ်လုပ်တော့လဲ သူ့အိတ်ဖောင်းအောင် အကွက်ရှာတယ်။ ဧည့်စာရင်းတိုင်တဲ့ပိုက်ဆံ တွေလဲ သူ့အိတ်ထဲထဲ့တာဘဲ” ဟု ၎င်းကဆက်လက်ပြောပြပါသည်။
ဆန်ဆိုင်း (က) ဥက္ကဋ္ဌဦးစံငွေသည် မှော်ဘီသားဖြစ်ပြီး မိုင်းကိုး၌ ၁၀ နှစ်ခန့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ခဲ့ဖူးသည်။ ပါလျောကျေးရွာအုပ်စု နမ့်ကိုင်းရွာသူနန်းကောင်နှင့် အိမ်ထောင်ကျကာ တာချီလိတ်သို့ပြောင်းရွှေ့နေထိုင်သည်။ ရပ်ကွက်ဥက္ကဋ္ဌတာဝန်ယူပြီးနောက် ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်ဘဏ်တွင် ဇနီးအမည်ဖြင့် ဘတ်သန်း ၃၀ အပ်နှံထား သည်။ ၎င်းတွင် ဘတ် ၃ သန်းတန် အိမ်တလုံး၊ ဒိုင်နာကား ၁ စီး၊ Mark II ဆလွန်းကား ၁ စီး နှင့် ဆိုင်ကယ် ၃စီးပိုင်ဆိုင် သည်။ ဒေသခံအာဏာပိုင်များနှင့် ရင်းနှီးဝင်ဆန့် လာဘ်ထိုးခွံ့ကျွေးနိုင်သူတစ်ဦးဖြစ်သည်။