စိတ်မနှံ့သူ ကျေးလက် အမျိုးသမီးအား နအဖစစ်ဗိုလ် မုဒိန်းကျင့်

စိတ်မနှံ့သူ ကျေးလက် အမျိုးသမီးအား နအဖစစ်ဗိုလ် မုဒိန်းကျင့်
by -
မွေခေါ၀်

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း အခြေစိုက်လှုပ်ရှား စစ်ကြောင်းတစ်ကြောင်းမှ စစ်ဗိုလ်က ၀မ်လောဝ်းအုပ်စုရွာသူ တစ်ဦးအား မုဒိန်းကျင့်ပြီး သတင်းပြန့်ပါက သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်...

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်း အခြေစိုက်လှုပ်ရှား စစ်ကြောင်းတစ်ကြောင်းမှ စစ်ဗိုလ်က ၀မ်လောဝ်းအုပ်စုရွာသူ တစ်ဦးအား မုဒိန်းကျင့်ပြီး သတင်းပြန့်ပါက သတ်ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း စုံစမ်းသိရှိရပါသည်။

ကွန်ဟိန်း အခြေစိုက် ခမရ ၅၂၄ တပ်ခွဲ ၃ မှ ဗိုလ်သိန်းအောင်က အင်အား ၃၀ ကျော်နှင့်အတူ ကွန်ဟိန်းမြို့ တောင်ဘက် ၀မ်လောဝ်းအုပ်စုဖက်သို့ ရှေ့တန်းထွက်လှုပ်ရှားကြောင်း၊ ဂျူလိုင် ၂၄ ရက် ၀မ်လောဝ်းကျေးရွာသို့ ရောက်စဉ် ၂ ည တည်းပြီး စိတ်မနှံ့ရွာသူ နန်းလူအား မုဒိန်းကျင့်ကြောင်း ဒေသခံများက ပြောပြပါသည်။

“ဒုတိယဝါဆိုလပြည့်နေ့ ဘုန်ကြီးကျောင်းတက်တော့ ညကသူ့ကို မုဒိန်းကျင့်တဲ့အကြောင်း သူငယ်ချင်းတွေကို ပြောပြတယ်။ အဲဒီဗိုလ်က တခြားသူတွေကို ပြောပြရင် သတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်ထားတယ်လို့လဲ ပြောပြတယ်” ဟု အမည်မဖော်လို ရွာသားတစ်ဦးက ပြောပြပါသည်။

ထိုသတင်းတစ်ရွာလုံး ပျံ့နှံ့သွားပြီး မိဘများလည်း မိမိတို့ သမီးလုံခြံုရေးအတွက် စိတ်ပူနေကြကြောင်း ၎င်းက ဤကဲ့သို့ ဆက်လက်ပြောပြပါသည်။

“အဲဒီသတင်းကြားပြီးတဲ့နောက် မိဘတွေလဲ သူတို့ရဲ့သမီးကညာတွေကို လယ်ယာသွားမလုပ်ခိုင်းတော့ဘူး။ အိမ်မှာလဲ တစ်ယောက်တည်း မထားရဲတော့ အလုပ်အကိုင် အရမ်းပျက်တာပေါ့”

အသက် ၃၀ နှစ်ရှိ နန်းလူသည် မိဘနှစ်ပါးစလုံး ကွယ်လွန်သွားသောကြောင့် တစ်ယောက်တည်း နေထိုင်ကြောင်း၊ ကျန်းမာရေး မကောင်းမွန်သည့်အပြင် စိတ်ရောဂါလည်း ခံစားနေရကြောင်း သိရှိရသည်။

ကွန်ဟိန်း အခြေစိုက် ခမရ ၅၂၄ လှုပ်ရှားစစ်ကြောင်း (တပ်ခွဲ ၃) သည် ရွာတစ်ရွာလျှင် ပေါ်တာအနည်းဆုံး ၃ ယောက် ဆင့်ခေါ်ပြီး  တရွာဝင်တရွာထွက် စစ်ကြောင်း ထွက်တိုင်းအစဉ် အလှည့်ကျ တာဝန်ယူရကြောင်း၊ တစ်လအတွင်း ရွာသားများ၏ အိမ်မွေးကြက် ၃၇ ကောင်လည်း ဆင့်ယူသွားခဲ့ကြောင်း၊ တွေ့သမျှ ခြံထွက် သီးနှံနှင့် အစားအစာများလည်း တောင်းရမ်းခြင်း မပြုဘဲ ယူဆောင်သွားကြောင်း ဒေသခံများက ပြောပြပါသည်။

 

 

 

 

 

 

Most read this week