မိုးနဲ-ကျိုင်းတုံမီးရထားလမ်းအတွက် အသုံးပြုမည့်မီးရထားတွဲသစ် ၃ ခု လုံခြံုရေးအတွက် ကျိုင်းတုံမြို့ဒေသခံ ပြည်သူ့စစ်များက ဆောက်လုပ်ဆဲဘူတာရုံ၌ ၂၄ နာရီပတ်လုံး စောင့်ကြပ်နေရ....
မိုးနဲ-ကျိုင်းတုံမီးရထားလမ်းအတွက် အသုံးပြုမည့်မီးရထားတွဲသစ် ၃ ခု လုံခြံုရေးအတွက် ကျိုင်းတုံမြို့ဒေသခံ ပြည်သူ့စစ်များက ဆောက်လုပ်ဆဲဘူတာရုံ၌ ၂၄ နာရီပတ်လုံး စောင့်ကြပ်နေရကြောင်း စုံစမ်းသိရှိရပါသည်။
“ရထားခေါင်းတော့ ရောက်မလာသေးဘူး။ အသစ်ရောက်လာတဲ့ မီးရထားတွဲကို တစ်ဝက်တစ်ပျက်ဆောက် ထားတဲ့ဘူတာမှာ လာထားတာ။ တခြားသူတွေ ဖျက်ဆီးမှာစိုးလို့ တိုင်းမှူးအမိန့်နဲ့ ပြည်သူ့စစ်တွေကို သွားစောင့် ခိုင်းတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ပြည်သူ့စစ်နှင့်အတူ ကျိုင်းတုံဒေသခံ နအဖပုလိပ်က ရန်ဖန်ရန်ခါသွားရောက်စစ်ဆေးကူညီစောင့်ကြပ်ပေး ကြောင်း၊ အစိုးရလစာမရသေးသည့် ပြည်သူ့စစ်များအဖို့ ဆောက်လုပ်ရေးကန်ထရိုက်ရသော နောင်တုံကုမ္ပဏီက ထမင်းကျွေး သည်ဟုဆို၏။
“အိမ်အလုပ်လဲ မလုပ်အားဘူး။ နောင်တုံကုမ္ပဏီက ထမင်းကျွေးလို့တော်သေးတယ်။ မဟုတ်ရင်တော့ငတ်ဘဲ” ဟု အမည်မဖော်လိုပြည်သူ့စစ်တစ်ဦးကပြောပါသည်။
ဂျူလိုင်လလယ်မှ စ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းဖောက်လုပ်မှု ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။
“ဖောက်ပြီးတဲ့လမ်းတွေမှာ မြေပြိုကျတာတွေရှိတယ်။ မြေတူးစက်တွေလည်း ပျက်နေတယ်။ မြေကြီးသယ်စက် လဲ အစီး ၂၀ ကျော်ပျက်နေတယ်” ဟု ကျိုင်းတုံကုန်သည်တစ်ဦးက ပြောပြပါသည်။
မိုးနဲဖက်မှလည်း လန်းခေးအထိ ဖောက်လုပ်ပြီးစီးကြောင်း၊ ကျိုင်းတုံဖက်၌ ကျိုင်းဖောင်းဘူတာရုံမှ ၁ မိုင်ခန့်သာ ဖောက်လုပ်ပြီးစီးသေးကြောင်း သိရှိရသည်။
မိုးနဲ-ကျိုင်းတုံမီးရထားလမ်းဖောက်လုပ်သည့်စီမံကိန်းတွင် အာဏာပိုင်များက ကျိုင်းတုံမြို့အနောက်ဘက် (တောင်ကြီးအထွက်လမ်း) ရထားလမ်းနှင့်ဘူတာကြီးဆောက်လုပ်ရန် ကျိုင်းဖောင်းကျေးရွာအုပ်စုရှိ နားခမ်းရွာ၊ ကျိုင်းဖောင်းရွာနှင့် ဝေါ်ခုတ်ရွာတို့မှ ကျေးလက်ပြည်သူဘိုးဘွားပိုင် မြေယာဧက ၁၀၀၀ ကျော်သိမ်းဆည်း ခဲ့သည်ဟုဆို၏။
မိုးနဲဲ-ကျိုင်းတုံမီးရထားလမ်း၊ ကျိုင်းတုံအနောက်ဘက် ကျိုင်းဖောင်း(ကျိုင်းတုံဘူတာကြီး)ဘူတာရုံတာဝန်ယူ ဆောက််လုပ်နေသည့် နောင်တုံကုမ္ပဏီပိုင်ရှင်မှာ စိုင်းအွမ်တစ်ဖြစ်သည်။