နအဖ၏ ပြည်သူ့စစ်ဖွဲ့စည်းရေး လက်ခံထားသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးလွယ်မောင်း အား အသွင်ပြောင်းရေးလက်မခံသော တပ်မဟာ ၁ ဋ္ဌာနချုပ်သို့ ရက်သတ္တနှစ်ပတ် အတွင်းသွားရောက် စည်းရုံးသိမ်းသွင်းရန် ရမခတိုင်းမှူးက ဂျူလိုင် ၂၇ ရက်နေ့၌ ညွှန်ကြားထား...
နအဖ၏ ပြည်သူ့စစ်ဖွဲ့စည်းရေး လက်ခံထားသည့် အပစ်ရပ် သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦးလွယ်မောင်း အား အသွင်ပြောင်းရေးလက်မခံသော တပ်မဟာ ၁ ဋ္ဌာနချုပ်သို့ ရက်သတ္တနှစ်ပတ် အတွင်းသွားရောက် စည်းရုံးသိမ်းသွင်းရန် ရမခတိုင်းမှူးက ဂျူလိုင် ၂၇ ရက်နေ့၌ ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။
ပြည်သူ့စစ်ဖွဲ့စည်းရေး ငြင်းဆန်နေသော တပ်မဟာ ၁ မှူး ဗိုလ်ချုပ်ပန်ဖအား လက်ခံလာသည်အထိ မရမနေ စည်းရုံးရန် ဦးလွယ်မောင်းအား တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က လားရှိုးမြို့ (ရမခ) စစ်တိုင်းရုံးသို့ ခေါ်ယူ ပြောကြားခြင်း ဖြစ်ကြောင်း ၄င်းအဖွဲ့ နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ထိုသို့ ညွန်ကြားထားသည့် တိုင်အောင် ဦးလွယ်မောင်း အနေဖြင့် တပ်မဟာ ၁ ဋ္ဌာနချုပ်ရှိရာ ၀မ့်ဟိုင်း စခန်းသို့ ယနေ့အထိ ထွက်ခွာခြင်း မရှိသေးကြောင်း သိရသည်။
“တပ်မဟာ ၁ ကို ဦးလွယ်မောင်း နှစ်ပတ်အတွင်းသွားရမယ် ဦးပန်ဖကို မရမချင်း စည်းရုံးရမယ်ဆိုပြီး ညွန်ကြား ထားတယ်။ ဒီနေ့အထိ တော့မသွားသေးဘူး၊ သူ့အနေနဲ့သွားစည်းရုံးလဲ မရနိုင်မှန်းသိလို့ မသွားတာဖြစ်မယ်၊ ဦးပန်ဖကလည်း သေရင်သေပါစေတော့ နအဖခိုင်းတဲ့ ပြည်သူ့စစ်တော့မလုပ်နိူင်ဘူးလို့ ပြောထားပြီးပြီပဲ” - ဟု နီးစပ်သူကဆိုသည်။
ယခင်ကလည်း ဦးပန်ဖအား လားရိူးမြို့သို့ ခေါ်ယူရန်ကိစ္စ ဦးလွယ်မောင်းအား တိုင်းမှူး အကြိမ်ကြိမ် ပြောကြားခဲ့ သော်လည်း ယနေ့အထိ မဆောင်ရွက်နိုင်သည့် အပေါ်ယခုကဲ့သို့ ရက်သတ်မှတ် ညွှန်ကြားခြင်း ဖြစ်ဖွယ်ရှိကြောင်း သူကဆက်ပြောသည်။
အပစ်ရပ် SSA ဥက္ကဌ ဦးလွယ်မောင်း
ယခုနှစ်ဧပြီလကုန်ပိုင်းက ပြည်သူ့စစ်အသွင်ပြောင်းဖွဲ့စည်းရေး အဆိုကို သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဦး လွယ်မောင်း အပါအဝင် လက်အောက်ခံ တပ်မဟာ ရ နှင့် ၃ တို့က လက်ခံခဲ့ပြီး အင်အား အတောင့်တင်းဆုံး တပ်မဟာ ၁ က ငြင်းဆန်ခဲ့သည်။
ယင်းအဆိုကို ငြင်းဆန်နေသည့် ကျေးသီးမြို့နယ် ၀မ့်ဟိုင်းစခန်း အခြေစိုက် တပ်မဟာ ၁ တပ်ဖွဲ့တွင် လက်နက်ကိုင် အင်အား ၄ ထောင် ခန့်ရှိကြောင်း သိရသည်။
တပ်မဟာ ၁ အပေါ်ဖိအားပေးသည့် အနေဖြင့် တပ်မဟာ ၁ လှုပ်ရှားရာ သျှမ်းပြည် (တောင်ပိုင်း) မိုင်းရှုး မြို့နယ် နှင့် ကျေးသီးမြို့နယ် ၀မ့်ဟိုင်းဒေသတစ်ဝိုက်သို့ နအဖစစ်တပ်များ အစောပိုင်းကတည်းက ပို့ဆောင်ခဲ့ရာမိုင်းရှုး ကျောက်တွင်းလုံခြံုရေး ယူထားသော တပ်မဟာ ၁ တပ်ဖွဲ့များ ဆုတ်ခွာသွားခဲ့ရကြောင်းသိရသည်။