NLD ခေါင်းဆောင်များ အကျဉ်းကျ တိုင်းရင်းသား ခေါင်းဆောင် မိသားစုများနှင့် တွေ့ဆုံ

NLD ခေါင်းဆောင်များ အကျဉ်းကျ တိုင်းရင်းသား ခေါင်းဆောင် မိသားစုများနှင့် တွေ့ဆုံ

ယမန်နေ့က အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင်မိသားစုများအား NLD ခေါင်းဆောင် ဦးတင်ဦး ဦးဝင်းတင် တို့အဖွဲ့ သွားရောက် အားပေးစကား ပြောခဲ့ကြောင်း စုံစမ်း သိရှိရ....

ယမန်နေ့က အကျဉ်းကျ တိုင်းရင်းသားခေါင်းဆောင်မိသားစုများအား NLD ခေါင်းဆောင် ဦးတင်ဦး ဦးဝင်းတင် တို့အဖွဲ့ သွားရောက် အားပေးစကား ပြောခဲ့ကြောင်း စုံစမ်း သိရှိရပါတယ်။

“မနက် ၁၀း၃၀ လောက်ကနေ ၁၁း၄၀ နာရီလောက်အထိ၊ ၁၃ ယောက်ပါ NLD ခေါင်းဆောင်အဖွဲ့ အကျဉ်းကျ နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့မိသားစုတွေကို ဦးခွန်ထွန်းဦးရဲ့အိမ်မှာ တွေ့ဆုံအားပေး စကားပြော တယ်” SNLD ပြောခွင့်ရပုဂ္ဂိုလ်ဦးစိုင်းလိတ်က ပြောပါသည်။

သြဂတ်စ် ၃ ရက်နေ့ မနက်ပိုင်း၌ NLD ဥက္ကဌ ဦးတင်ဦး၊ ခေါင်းဆောင်ပိုင်းဖြစ်သူ ဦးဝင်းတင်၊ ဒေါက်တာ နေဝင်းမြင့်၊ ဦးနိုင်းနိုင်း၊ မချိုချိုသင်းတို့က ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွှန့်လွင်၊ ဦးစိုင်းလှအောင်တို့မိသားစုအပြင် ဇိုမီးအမျိုး သားကွန်ကရက်ဥက္ကဌ ဦးပူကျင့်ရှင်းထန် (သားနဲ့တူအကျဉ်းကျနေ)၊ ရခိုင်လူငယ်ခေါင်းဆောင် ကိုတင်စောအောင် ၏ မိခင်တို့နှင့်တွေ့ဆုံအားပေး စကားပြောခဲ့သည်ဟု ဆို၏။

ဦးဝင်းတင်က ‘ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီသည် တရားဝင် နိုင်ငံရေးပါတီအဖြစ် ရပ်တည်စဉ် မှစ၍ ယနေ့ထိ တိုင်းရင်းသားများအား မပြစ်ပယ်ကြောင်း၊ တိုင်းရင်းသားများသည် ပြည်ထောင်စုစစ်စစ်မူဖြစ် သည့် တန်းတူညီခွင့်နှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမည်ဖြစ်ကြောင်း၊ NLD တရားဝင်နိုင်ငံရေးပါတီမဖြစ်တော့သော် လည်း တိုင်းရင်းသားများအား မပြစ်ပယ်ကြောင်း’ ပြောဆိုသွားသည်ဟု ဆို၏ ။

“ဦးဝင်းတင်တို့ ဦးတင်ဦးတို့ လာရောက်တွေ့ဆုံ အားပေးတာ ၀မ်းသာတယ်။ ကောင်းမွန်တဲ့ မင်္ဂလာတပါး ဖြစ်တယ်။ ဦးဝင်းတင်က ပြောသွားတယ်- နိုင်ငံရေးသမားဆိုတာ ထောင်ဝင်တဲ့နေ့ ရှိသလို ထောင်ထွက်တဲ့နေ့  ရှိတယ်။ ကောင်းမွန်တဲ့ယုံကြည်ချက်ကြောင့် ထောင်ကျသွားတဲ့သူရဲ့ ကျန် ရှိမိသားစုများဟာလဲ ပူဆွေးသောက ရောက်နေမယ့်အစား ဂုဏ်ယူတတ်ရမယ်။ နေကောင်းကျန်းမာအောင်နေရမယ်။ ဒါမှ မိမိတို့ရည်မှန်းချက် ပန်း တိုင်အောင်မြင်စွာ လျှောက်လှမ်းနိုင်မှာဖြစ်တယ်။ ဆိုတဲ့ဟာကိုလက်ခံတယ်။”

SNLD ဥက္ကဌ ဦးခွန်ထွန်းဦး

တိုင်းရင်းသားများသည်  ပြည်ထောင်စုစစ်စစ်မူဖြစ်သည့် ‘တန်းတူညီခွင့် နဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမယ်’ဆိုသည့် ဦးဝင်းတင်၏ အားပေးစကားအပေါ် ဦးစိုင်းလိတ်က -“ကျနော်တို့အလုပ်အမှုဆောင်တွေ အနေနဲ့ ဦးဝင်းတင်ရဲ့ ခံယူချက်တွေကိုကြား သိရတဲ့အတွက်  ၀မ်းသာရတယ်။ အခုလို တိုင်းရင်းသားတွေတွေ့ဆုံမှုမျိုး ရှိသင့်တယ် လို့လဲ ယုံကြည်တယ်။ တိုင်းရင်းသားနိုင်ငံရေး ပါတီတွေ အင်အားချင်း ဖလှယ်တာဖြစ်တဲ့အတွက် ကောင်းမွန်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်”

၂၀၀၅ နှစ်ဦးပိုင်းတွင် နအဖ စစ်အုပ်စုက သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး(SNLD ဥက္ကဌ)၊ ဦးစိုင်း ညွှန့်လွင် (SNLD အထွေထွေအတွင်းရေးမှူး)၊ စိုင်းလှအောင် (SNLD ဗဟိုအလုပ်အမှုဆောင်)နှင့် သျှမ်းပြည်မျိုး ဆက်သစ်လူငယ် ခေါင်းဆောင် ဆရာဦးမြင့်သန်း (၂၀၀၅ မေ သံတွဲထောင်၌ ကွယ်လွန် )၊ စိုင်းညီညီမိုး၊ စိုင်းမျိုး ၀င်းထွန်း၊ ဦးထွန်းညို နှင့် သျှမ်းပြည်တပ်မတော် (အပစ်ရပ်) နာယက ဗိုလ်ချုပ်ဆေထဲန့်တို့အား ပြည်ထောင်စုမှ ခွဲထွက်လိုမှုနှင့် အခြားပြစ်မှုများစွာဖြင့် ထောင်ဒဏ် ရ၅ နှစ်မှ ၁၀၆ နှစ်အထိ အသီးသီး ပြစ်ဒဏ်ချခဲ့သည်။

Most read this week