၂၀၁၀ ရွေးကောက်ပွဲ တိုင်းရင်းသားများကို ကိုယ်စားမပြုဟု အကဲခတ်ပြော

၂၀၁၀ ရွေးကောက်ပွဲ တိုင်းရင်းသားများကို ကိုယ်စားမပြုဟု အကဲခတ်ပြော

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများမှ ပြည်သူများအား ကိုယ်စားမပြုနိုင်....

ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများမှ ပြည်သူများအား ကိုယ်စားမပြုနိုင်ဟု တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၀တပ်နှင့် မိုင်းလား လက်နက်ကိုင်များ ထိန်းချုပ်ထားသော သျှမ်းပြည်အတွင်းရှိ မြို့ရွာများတွင် ရွေးကောက်ပွဲ ကျင်းပမည့် အလားအလာ မရှိ ဖြစ်နေရာ ထိုဒေသမှ တိုင်းရင်းသားများ မဲထည့်ခွင့် မရ၍ ဒီမိုကရေစီကျင့်စဉ်အရ ကိုယ်စားမပြုဟု သူက ဆိုခြင်း ဖြစ်သည်။

“၀ နယ်မှာ လူဦးရေက မြောက်ပိုင်းရော တောင်ပိုင်းပါ ဆိုရင် ၅ သိန်းကျော်လောက် ရှိတယ်။ မိုင်းလား နယ်မြေမှာက  ၈ သောင်း ၅ ထောင်လောက် ရှိတယ်။ မဲထည့်နိုင်တဲ့ လူဦးရည်က ၃ သိန်းဝန်းကျင် ရှိမယ်။ ဒီလူတွေ မဲမထည့်ရတော့ သူတို့ကို ကိုယ်စားမပြုဘူးပေါ့” ဟု သူက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သျှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့အခြေစိုက် ၀ ပြည် သွေးစည်းညီညွတ်ရေး ပါတီ နယ်မြေအတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ (မော်ဖှ) မက်မန်းနှင့် ပန်ဆန်း စသည့် မြို့နယ် ၆ ခုကို ခရိုင် ၂ ခုအဖြစ် ဖွဲ့စည်း၍ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအဖြစ် သတ်မှတ်ထားသည်။

သျှမ်းပြည် (အရှေ့ပိုင်း) မိုင်းလားမြို့ရှိ မိုင်းလားတပ်ဖွဲ့မှာ ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သတ်မှတ်ထားခြင်း မရှိသော်လည်း ၄င်းတပ်ဖွဲ့က တိုက်နယ်နှင့် ကျေးရွာအချို့ကို ထိန်းချုပ်ထားသည်။

နအဖစစ်အုပ်စုနှင့် အဆိုပါ လက်နက်ကိုင် နှစ်ဖွဲ့ကြား နိုင်ငံရေးအရ ပြေလည်မှု မရရှိ၍ ၄င်းအဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ရွာများတွင် ရွေးကောက်ပွဲ ကျင်းပရန် အလားအလာ မရှိဟု သူက ဆိုသည်။

“နအဖ အနေနဲ့ အမျိုးသားရေး ပြဿနာကို မဖြေရှင်းမချင်း တိုင်းရင်းသားတွေရဲ့ ဆန္ဒတွေ မျက်ကွယ်ပြု ခံနေရမှာပဲ။ ကချင်ပြည်နယ်မှာ ဆိုရင်လည်း ကေအိုင်အေကနေ လက်နက်ကိုင် လမ်းစဉ် စွန့်ပြီး နိုင်ငံရေးပါတီ ထောင်တဲ့ ဒေါက်တာ တူးဂျာရဲ့ ပါတီကို မှတ်ပုံတင် ချမပေးဘူး” ဟု သူက ဆက်ပြောသည်။

နအဖ ဥပဒေဘောင်အတွင်း ၀င်ရောက်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ် အသွင်ပြောင်းရန် အဆိုပြုထားရာ ၀တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ ယင်းအဆိုကို ငြင်းဆန် ထားသည်။

အလားတူ ကချင်ပြည် လွပ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ သျှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်မဟာ ၁ နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်လက်အောက်ခံ တပ်မဟာ ၅ တပ်ဖွဲ့များကလည်း ယင်းအဆိုကို လက်မခံပဲ ရှိနေသည်။

Most read this week