PNO အာဏာသုံး မဲဆွယ်စည်းရုံး ကျေးလက် ပအိုဝ်းလူထု မကျေနပ်

PNO အာဏာသုံး မဲဆွယ်စည်းရုံး ကျေးလက် ပအိုဝ်းလူထု မကျေနပ်
မေလနှောင်းပိုင်းက တရားဝင်နိုင်ငံရေးပါတီဖြစ်လာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ ဂျွန်လလယ်ပိုင်း ကစ၍ မဲဆွယ်စည်းရုံးရေးဆင်းစဉ် အမိန့်အာဏာ သုံးသဖြင့် ဒေသခံလူထု မကျေမနပ် ဖြစ်နေကြ...

မေလနှောင်းပိုင်းက တရားဝင်နိုင်ငံရေးပါတီဖြစ်လာသည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ ဂျွန်လလယ်ပိုင်း ကစ၍ မဲဆွယ်စည်းရုံးရေးဆင်းစဉ် အမိန့်အာဏာ သုံးသဖြင့် ဒေသခံလူထု မကျေမနပ် ဖြစ်နေကြကြောင်း ကြား သိရပါသည်။

“ဂျွန်လလယ်ပိုင်းကစပြီးတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က ပအိုဝ်းတွေအနေများတဲ့ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင် နဲ့ ပင်လောင်းဘက် စတင်စည်းရုံးရေးဆင်းနေပြီ၊ PNO ဥက္ကဌ ခွန်စံလွင်ကိုယ်တိုင်ဦးစီးပြီးတော့ပေါ့” - ဟု တာချီလိတ်ရောက် ပအိုဝ်းလူငယ်တဦး ပြောပါသည်။

ဂျွန် ၂၉ ရက်စွဲဖြင့် ပအိုဝ်းလူငယ်အကြားဖြန့်ဝေသည့် အင်တာနက်စာစောင်တွင် - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO  ပါတီဝင်များ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆိုင်းခေါင်(၀်) ဘက် မဲဆွယ်စည်းရုံးစဉ် စည်းရုံးရေးမှူး ဗိုလ်မှူးဇော်ဝမ်းနှင့် ဦးအောင်ခင်တို့မှာ ပအိုဝ်းဘာသာစကားမပြောသည့်အပြင် ထောက်ခံမဲထည့်ပေးရန်သာ အတင်းဖိပြောသဖြင့်ဒေသခံ လူထုမှ ပြန်လည်ပြောဆို ဆွေးနွေးခွင့်လည်း မရှိကြောင်း - ဆို၏။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပအိုဝ်းလူငယ် ခွန်ဟောဝ်မျတ်က - “ပင်လောင်းနဲ့ ဆီဆိုင်မြို့နယ် နှစ်နယ်အတွင်းစည်းရုံးရေး ခရီးစဉ်မှာ ရွာသားတွေနဲ့ ကတောက်ကဆ ဖြစ်ခဲ့တယ်လို့ ကျနော်ကြားရတယ်။ ပင်လောင်းမှာ ဗမာ လိုဘဲစည်းရုံးဟော ပြောတော့ ရွာသားတွေက နားမလည်ကြဘူး၊ ပအိုဝ်းပါတီဖြစ်ပြီး ပအိုဝ်းလိုမပြောရကောင်း လားဆိုပြီးတော့ပေါ့။”

“နောက်တခုက ဆီဆိုင်မြို့နယ် ဆိုင်းခေါင်(၀်) မှာ စည်းရုံးရေးမှူး ဗိုလ်မှူးဇော်ဝမ်းက ‘အခုငါတို့လာတာ ဆွေးနွေး ဖို့မဟုတ်ဘူး၊ မဲဘယ်လိုထည့်ရမလဲ၊ ဘယ်သူ့ကို မဲပေးရမလဲဆိုတာကို ပြောပြဖို့ချပြဖို့ဘဲ၊ မေးခွန်းပြန်ထုတ် စရာ မလိုဘူး’လို့တောင်ပြောတယ်၊ အဲဒီကိစ္စတွေကြောင့် ရွာသားတွေမကျေနပ်ကြတာ။ လူထုချစ်ခင် လေးစားတဲ့ PNO အငြိမ်းစား ဗိုလ်မှူးချစ်လယ်ဆို ချက်ခြင်းထပြန်သွားတယ်” - ဟု ပြော၏။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီဝင်များ အာဏာအားကိုး၍လုပ်ခြင်း သာဖြစ်ကြောင်း၊ နအဖ အာဏာ ပိုင်များနှင့် ပေါင်းပြီး တအိမ်တယောက် လာနားထောင် ရမည်ဟု အမိန့်ဖြင့်ဆင့်ခေါ်ကြောင်း၊ လက်ရှိလူထု အခြေအနေမှာလည်း နိုင်ငံရေးထက် ၀မ်းဝရေးအတွက်သာ အဓိကဖြစ်ကြောင်း ခွန်ဟောဝ်မျတ်ကသုံးသပ်ပြ ပါသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီမှာ နအဖ ကျောထောက်နောက်ခံပြုထားသည့်ပါတီ မဟုတ်သော်ငြားလည်း လူထု အကျိုးပြုသည့် ပအိုဝ်းပြည်သူ့ ကိုယ်စားပြု ပါတီတော့ မဟုတ်ကြောင်း သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြ၏။

သို့သော် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီ၏ နာယက ဦးအောင်ခမ်းထီသည် သျှမ်းပြည်တောင်ပိုင်း ပြည် ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ခေါင်းဆောင်ပိုင်း တဦးလည်းဖြစ်သည်။

Most read this week