ပါတီဝင်ဦးရေတထောင်ပြည့်မှီရေးအတွက် သျှမ်းပြည်တောင်ပိုင်း/အရှေ့ပိုင်း မြို့နယ်အသီးသီးသို့ သျှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ (ခေါ်) ကျားဖြူပါတီ ဆက်တိုက် စည်းရုံးရေး ဆင်းနေကြောင်း စုံစမ်းသိရှိရပါသည်။
“သျှမ်းပြည်မြောက်ပိုင်းက ပြီးသလောက်ဖြစ်နေပြီ၊ ပါတီဝင်ကော၊ မြို့နယ်အဆင့် ကျားဖြူပါတီရုံးခွဲကောဘဲ၊ အခု လုပ်ရမှာက သျှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်း”- ဟုု လားရှိုးသားတဦးက ပြောပါသည်။
ဂျွန် ၂၄ - ၂၈ ရက်နေ့အထိ သျှမ်းပြည်တောင်ပိုင်း မြို့တော်တောင်ကြီးသာမက ပင်လုံ၊ နမ့်ဇန်၊ ကွန်ဟိန်း၊ မိုးနဲ နှင့် မိုင်းပန် အပြင် သံလွင်အရှေ့ခြမ်းတွင် မိုင်းပြင်း ၊ ကျိုင်းတုံ တို့၌ စည်းရုံးရေးဆင်းကာ ပါတီဝင်များဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ တခြားမြို့နယ်တို့တွင်လည်း ပါတီဝင်ပြည့်မှီရေးအတွက် ဆက်လက်စည်းရုံးရေးဆင်းမည်ဖြစ် ကြောင်း ကြားသိရပါသည်။
“ဒီဂျူလိုင် ပထမပတ်ကစပြီး သျှမ်းပြည်တောင်ပိုင်း လဲချား(လိုင်းခ)၊ မိုင်းကိုင်၊ ကျေးသီး(ဂေးဆီး)၊ မိုင်းရှူးဘက် သွားမယ်။ သျှမ်းပြည်အရှေ့ပိုင်းမှာတော့ မိုင်းပြင်းနဲ့ ကျိုင်းတုံမှာ ရုံးဖွင့်ပြီးပြီ။ မိုင်းယန်း၊ မိုင်းခတ်၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာချီလိတ်၊ မိုင်းဆတ်နဲ့ မိုင်းတုံဘက်ကိုလဲသွားမယ်” - ဟု ပင်လုံမြို့ခံ ကျားဖြူပါတီဝင်တဦးက ပြောပါသည်။
မြို့နယ်တိုင်း ပါတီရုံးခွဲများ ဖွင့်လှစ်နိုင်ရန် အနည်းဆုံး တမြို့နယ်လျှင် ပါတီ EC ၁၀ ဦးထက်မနည်း ထားရှိသွား မည်ဖြစ် ကြောင်း၊ မြို့နယ်အဆင့် အလုပ်အမှုဆောင် အဖွဲ့ ဖွဲ့စည်းပြီးလျှင်ပြီးချင်း မဲဆွယ်စည်းရုံးရေးဆင်းရမည် ဖြစ်ကြောင်း သျှမ်းသံဆော်ဆင့်သို့ အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောပါသည်။
“အခုက အရမ်းထူးဆန်းတယ်၊ နအဖ အာဏာပိုင်တွေက အဟန့်အတားမလုပ်တဲ့အပြင် အကူအညီတောင် ပေးသေးတယ်။ တချို့မြို့နယ်မှာဆို ကြိပို့ပေးတဲ့အပြင် ဓါတ်ဆီဖိုး၊ ဧည့်ခံကျွေးမွေးရေးတွေပါလုပ်ပေးတယ်။ ဒါပေမယ့် ဒီလို၀န်ဆောင်ပေး နေတာဟာ တိုင်းရင်းသားပါတီတွေ ဘာလုပ်နေလဲ ဘယ်သူတွေပါသလဲ ဆိုတာ အနီးကပ်စောင့်ကြည့်လေ့လာ သတင်း ရယူဖို့ဘဲ - လို့ထင်တယ်” - ဟု သျှမ်းပြည်တောင်ပိုင်း စည်းရုံးရေး ခရီးစဉ် လိုက်ပါသူတဦးက ပြောပြပါသည်။
ပါတီဝင်အင်အားပြည့်မှီရေးအတွက် SNDP ဗဟိုရုံးချုပ်မှ တိုက်ရိုက်ငွေကြေးထောက်ပံ့ပေးပြီး အုပ်စု ၃-၄ ခု ခွဲကာ စည်းရုံးရေးဆင်းနေကြကြောင်း၊ သျှမ်းပြည် တောင်ပိုင်း၊ အရှေ့ပိုင်းအပြင် ကရင်နီပြည် လွယ်ကော်ဘက် သို့လည်း ဆင်းနေကြောင်း ဆက်၍ပြောပြပါသည်။
ကျားဖြူပါတီအနေဖြင့် တခြားအင်အားကြီးပါတီနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဂရုမမူကြောင်း၊ ပြည်သူ့ အသည်း နှလုံးကို ရအောင်စည်းရုံးမည်ဖြစ်ကြောင်း ကြားသိရ၏။ သို့သော်လက်ရှိအခြေအနေအရ လူထုသည် ၀မ်းရေးမှတပါး တခြားအရေးကိစ္စများ စိတ်စားခြင်းမရှိကြဟု သျှမ်းပြည်တောင်ပိုင်းမှ ဒေသခံတစ်ဦးကလည်း ပြော၏။
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် သျှမ်းပြည်လူထု ကိုယ်စားပြုပါတီ (နအဖ စစ်အုပ်စု ရွေးကောက်ပွဲ ဥပဒေအရ ပါတီဖျက်သိမ်းခံရပြီးဖြစ်သော) SNLD ပါတီ ဥက္ကဌ ခွန်ထွန်းဦး၊ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့လည်း နအဖ စစ်အုပ်စု အကျဉ်းထောင်၌ နှစ်ရှည်ထောင်ဒဏ်ကျခံနေရဆဲဖြစ်သည်။