နအဖ တပ်မတော်အင်္ဂျင်နီယာ အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်း နိုင်ငံခြားသို့ ထွက်ပြေးခိုလှုံပြီးသည့်နောက် လေတပ်အရာရှိ အနည်းဆုံးနှစ်ဦး ထပ်မံထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
“ကျနော်တို့ သိရသလောက် ဗိုလ်မှူးစိုင်းသိန်းဝင်း သတင်းဖြစ်ပြီးနောက်ပိုင်း ဗမာ့တပ်မတော်အရာရှိနှစ်ယောက်ထပ်ပြီး ထွက်ပြေးကြတယ်။ ဗိုလ်ကြီးအဆင့်ဘဲ” - ဟု အမည်မဖေါ်လိုသည့် ထိုင်းလုံခြံုရေး အသိုင်းအဝိုင်းကပြော ပါသည်။
မေ ၂၁ က လေတပ် အမှတ် ၃၀၃၆ (လစခ ၄ လက်အောက်ခံ) တပ် မှ ဗိုလ်ကြီးအောင်ကိုကို နှင့် မေ ၃ ရက်နေ့ က အမှတ် (၄) လစခ လေ ကြောင်းရန်ကာကွယ်ရေး တပ်ဌာနချုပ် မှ ဗိုလ်ကြီးအေးမင်းမောင်တို့ တပ်မှ ထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ယခုလ ၁၆ ရက် ရက်စွဲဖြင့် လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင်ကတပ်ပြေး နှင့်ဆိုင်သည့် အမိန့်တခု ထုတ်ပြန် ခဲ့သည်ဟု ဆို၏။
“ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်လှိုင် က ဆိုင်ရာလေတပ် တပ်မှူးတွေကို ‘မည်သည့်တပ်မှမဆို အရာရှိများ ထပ်မံထွက်ပြေးပြီး အခြား ဆန့်ကျင်ဘက် အုပ်စုများနှင့် ပူးပေါင်း ခဲ့လျှင် တပ်မှူးတပ်ကဲတွေကိုကြီးလေးသည့်ပစ်ဒဏ်ပေးမည်’ လို့ ပြောတယ်။ တပ်မှ ထုတ်ပစ်မယ်၊ ရာထူးမှ အနားပေးလိုက်မယ်စသဖြင့်ပေါ့”- ဟု နယ်စပ်ရှိ ထောက်လှမ်းရေး အရာရှိတဦးကပြော ပါသည်။
ယခုကဲ့သို့ တပ်တွင်းအရာရှိများထွက်ပြေးနိုင်ခြင်းမှာ ခွင့်ပြန်ချိန်၌ တပ်မှူးတပ်ကဲများက ကောင်းစွာ မစိစစ်ခြင်းကြောင့် ဖြစ်ရသည်ဟုလည်း သျှမ်းသံတော်ဆင့် သို့ ပြောပြ၏။
မြိုင်လက်နက်လျှို့ဝှက်ထုတ်လုပ်ရေးစက်ရုံ ဒုတိယ အကြီးအကဲ ဗိုလ်မှူးစိုင်းသိန်းဝင်း ပြည်ပသို့ ထွက်ပြေးခိုလှုံပြီး နိုင်ငံခြားအခြေစိုက်မီဒီယာများထံ နအဖ၏ နျူကလီးယားလက်နက် စီမံကိန်းသတင်းဖြန့်ခဲ့၏။ သို့သော်နောက် ပိုင်းမှ ထပ်မံထွက်ပြေးသည့် နအဖ အရာရှိနှစ်ဦးမှာမူ မည်သည့်နိုင်ငံ/ အဖွဲ့အစည်း/ ဒေသသို့ တိမ်းရှောင် ရောက် ရှိနေသည်ကို ယခုတိုင် မသိရှိရသေးပေ။
http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...