ကြံ့ဖွ့ံပါတီ အဓမ္မ လူသစ် စုဆောင်း

ကြံ့ဖွ့ံပါတီ အဓမ္မ လူသစ် စုဆောင်း
၀န်ကြီးချုပ် ဦးသိန်းစိန်၏ ကြံံ့ဖွံ့ပါတီသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဟန်းတဲ ကျေးရွာသား ၂၀ ကျော်ကို ၄င်းပါတီဝင်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရ....

၀န်ကြီးချုပ် ဦးသိန်းစိန်၏ ကြံံ့ဖွံ့ပါတီသည် ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ဟန်းတဲ ကျေးရွာသား ၂၀ ကျော်ကို ၄င်းပါတီဝင်အဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့ကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ဗန်းမော်ဒေသအတွင်း ကြံ့ဖွံ့ပါတီဝင် စုဆောင်းနေရာတွင် မြို့နယ်နှင့်ကျေးရွာ အာဏာပိုင်များ ပူးပေါင်း၍ ပါတီဝင်လက်ခံ လျှောက်လွာတွင် ဖိအားပေးလက်မှတ် ထိုးစေခဲ့ကာ စုဆောင်းခဲ့ခြင်း ဖြစ်ကြောင်း ဟန်းတဲရွာသားတစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြောသည်။

“ဗန်းမော်မြို့နယ် မယကအဖွဲ့တွေရွာထဲ ရောက်လာပြီးတော့ ဟန်းတဲရွာအုပ်စု ဥက္ကဋ္ဌ ဦးသန်းထွန်း အတင်းအဓမ္မပေါ့နော် သူတို့ကြံ့ဖွ့ံပါတီထဲ ၀င်ခိုင်းတယ် ဖေါင်ဖြည့် ခိုင်းတာပေါ့ လူ ၂၀ ကျော် ၃၀ လောက်ကို ပါတီဝင်ဖေါင်ဖြည့်ခိုင်းသွားတယ်” ဟု သူက ဆိုသည်။

ယခုကြံ့ဖွံ့ပါတီဝင် အဖြစ်စုဆောင်းခံရသည့် သူများအနေဖြင့် လျှောက်လွာဖေါင်ဖြည့်လိုက်ရသော်လည်း အခြေအနေကို ဘာမျှမသိရှိရကြောင်း ကိုယ်တိုင်ဖေါင်ဖြည့် ခဲ့သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ဘာမှ မသိရပါဘူး သူတို့ဖေါင်ဖြည့်ခိုင်းလို့ဖြည့်လိုက်တာပဲရှိတယ် မဝင်ချင်ဘူးလို့လည်း မပြောရဲကြတော့ ဒီအတိုင်းပဲ လက်ခံလိုက်တယ် ” ဟု သူကဆိုသည်။

ထို့အပြင် အဆိုပါရွာနီးချုပ်စပ် ကျေးရွာများဖြစ်သော သစ်စက်ရပ်ကွက်နှင့် ရွာမကြီး ဘက်တွင်လည်း ကြံံံ့ဖွ့ံပါတီက ထိုကဲ့ သို့ ပါတီဝင် စုဆောင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဟန်းတဲပြီးတော့ အုပ်စုထဲမှာပါတဲ့ သစ်စက်ရပ်ကွက်ဘက်လည်း ပါတီဝင်ကောက်မယ်လို့ ပြောတယ်လေ မနက်ဖြန်ကျ ရင်လည်း ရွာမကြီးဘက်သွားမယ်လို့ ပြောတယ် ” ဟု စောစောက ဒေသခံက ပြောသည်။

နအဖကကျင်းပမည့် ရွေးကောက်ပွဲဝင်ရန် ဆိုင်းပြင်းနေသည့် နိူင်ငံရေးပါတီများအား စည်းရုံးရေးလုပ်ငန်းများ တရားဝင် ခွင့် မပြုသေးခင် ကြံ့ဖွံ့ပါတီအနေဖြင့် ပါတီဝင် အဓမ္မစုဆောင်းမှုများကို သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်အတွင်း၌လည်း လွန်ခဲ့သည့်လပိုင်းက ပြုလုပ်ခဲ့သေးသည်။

ကချင်ပြည်နယ်တွင် ကြံ့ဖွံ့ပါတီ၏ ပါတီဝင်စုဆောင်းမှုများကို အာဏာပိုင်များကိုယ်တိုင် ကူညီပံ့ပိုးနေသော်လည်း ရွေးကောက်ပွဲဝင်ရန် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထား သည့် ကချင်ပါတီ ၃ ခုမှာ ယနေ့ထက်တိုင် ပါတီမှတ်ပုံတင်ခွင့် မရရှိသေးပဲ ဖြစ်နေသည်။

http://www.mongloi.org/burmese/2008-08-01-03-22-02/85-2008-08-01-03-14-4...

Most read this week