မြန်မာနိုင်ငံအဝှမ်း ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေး ၁၅ နှစ် စီမံကိန်း စစ်အုပ်စုလျာထားသော်လည်း လက်တွေ့အကောင် အထည်ဖေါ်နိုင်ခြင်းမရှိသေးကြောင်း သျှမ်းပြည် မူးယစ်စောင့်ကြည့် ရေးအဖွဲ့ကပြောဆိုလိုက်ပါသည်။
“ဘိန်းစိုက်ပျိုးမှု ကင်းစင်ရေး/တိုက်ဖျက်ရေးအတွက် စစ်အုပ်စု လျာထားတာက ၅၁ မြို့နယ်၊ လက်တွေ့တိုက်ဖျက်နိုင် တာက ၁၀ မြို့နယ်ဘဲ၊ အဲဒီ ၁၀ မြို့နယ်ထဲက ၉ မြို့နယ်က နအဖ ထိန်းချုပ်တဲ့နယ်မြေမဟုတ်ဘူး၊ အပစ် ရပ်တပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ချက်ကြောင့်”- ဟု သျှမ်းပြည်မူးယစ်စောင့်ကြည့်ရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်း ကပြောပါသည်။
၁၉၉၉ - ၂၀၁၄ အထိ ၅၁ မြို့နယ်အတွင်း ဘိန်းစိုက်ပျိုးမှု ကင်းစင်ရမည်ဟု နအဖ ကြွေးကြော်ထားသော်လည်း ယခုနှစ် အထိ အောင်မြင်ခြင်းမရှိ၊ စာရင်းမပါသည့် ၂၃ မြို့နယ်အတွင်း၌ ပို၍ပင် စိုက်ပျိုးလာသည်ဟု မြန်မာနိုင်ငံ တဝှမ်းသို့ ဘိန်းစိုက်ပျိုးမှုအခြေအနေ သွားရောက်လေ့လာသည့် အမည်မဖေါ်လိုသူ သျှမ်းပြည်မူးယစ်စောင့် ကြည့် လေ့လာသူတဦးက ဤကဲ့သို့ဆက်၍ပြောပြပါသည်။
“တိုက်ဖျက်ပြီးသား ၁၀ မြို့နယ်ဆိုတာက ၀ ထိန်းချုပ်နယ်မြေ ၆ မြို့နယ်၊ မိုင်းလား ၁ မြို့နယ်၊ ကိုးကန့် ၂ မြို့ နယ်လေ။ နောက်တနယ်က မူစယ်မြို့နယ်က ပန်ဆိုင်း မြို့နယ် ခွဲဘဲ၊ အဲဒီတခုဘဲ နအဖ ထိန်းချုပ် နယ်မြေက”
ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်းလက်ထက် ၂၀၀၃ က ကိုးကန့်ဒေသ၌လည်းကောင်း၊ UWSA ၀ထိန်းချုပ် နယ်မြေ က ၂၀၀၅ ခုနှစ်က လည်းကောင်း၊ ဦးစိုင်းလင်းခေါင်းဆောင်သည့် မိုင်းလား အထူးဒေသ ၄ က ၁၉၉၇ ကလည်း ကောင်း မူးယစ်ကင်းစင်ကြောင်း အသီးသီး ကြေ ငြာခဲ့သည်။
သျှမ်းပြည်ထွက်ဘိန်း (ဓါတ်ပုံ S.H.A.N.)
“ဘိန်းစိုက်ပျိုးမှုကို တိုက်ဖျက်မယ်လို့ ပြောနေပေမယ့် လက်တွေ့မှာ နအဖ မလုပ်နိုင်တာက အကြောင်းရင်း နှစ်ချက်ရှိ တယ်။ ပထမအချက်က ဗမာ့တပ်မတော်က သူ့လူတွေကို လောက်ငှအောင် မကျွေးနိုင်ဘူး။ ဆိုတော့ အောက်ခြေတပ်ရင်း တွေဝင်ငွေရအောင်၊ ပြည်သူလူထုဆီက အထောက်အပ့ံရအောင်ဆိုပြီး ဘိန်းခြံတွေကို လွှတ်ထားတယ်။နောက်တခုက တော့ အဲဒီ ဘိန်း/မူးယစ်ဆေးဝါးကို နိုင်ငံရေးလက်နက်တခုအဖြစ် အသုံးချနေလို့ပါဘဲ”- ဟု ဦးခွန်စိုင်းက ပြောပါသည်။
နအဖ၏ နိုင်ငံရေးရပ်တည်ချက်အတိုင်း ခေါင်းငြိမ့်လက်ခံမည်ဆိုပါက မည်သူမဆို မူးယစ်ဆေးဝါးလွတ်လပ်စွာ ထုတ်လုပ် ရောင်းဝယ်နိုင်ကြောင်း၊ နအဖ ကျောထောက် နောက်ခံပြုသည့် လက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ကို လေ့လာကြည့်လျှင် အခြေအနေ အားလုံးသုံးသပ်နိုင်ကြောင်း ဦးခွန်စိုင်းက ဆက်၍ပြောပါသည်။
“အရင်တုန်းက ခွန်ဆာဦးဆောင်တဲ့ မုန်တိုင်းတပ်မတော်ကိုကြည့်လေ၊ နိုင်ငံရေးအရ နဝတ/နအဖ ကို ဆန့်ကျင် မှု မလုပ်ခင်တုန်းကဆို ကြိုက်သလောက်မူးယစ် ရောင်းဝယ် ဖေါက်ကားလို့ရတယ်၊ သျှမ်းပြည်လွတ် လပ်ရေးလဲ ကြေငြာရော ဘယ်သူဘဲမူးယစ်ဆေးရောင်းဝယ်ရောင်းဝယ် ခွန်ဆာ့ကိုဘဲ လက်ညိုးထိုးတယ်။ အခု ၀ အခြေ အနေလဲ အဲဒီလိုဘဲ၊ ရောင်းဝယ်ဖေါက်ကားလိုရင် ပြည်သူ့စစ်တွေကို ပြန်ငှါးရတယ်။ ပြည်သူ့စစ်တွေထံ အခွန် ဆောင်ရ တယ်”
လက်ရှိ သျှမ်းပြည်အခြေအနေ လေ့လာကြည့်မည်ဆိုပါက နအဖ ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့ စစ် နယ်မြေ များအတွင်း၌ ဘိန်းပိုမိုစိုက်ပျိုးလာကြောင်း၊ အပစ်ရပ် ၉ မြို့နယ်မပါသော သျှမ်းပြည် ၄၅ မြို့နယ် အနက် ပင်းတယ နှင့် ရွာငံသာ ဘိန်းစိုက်ပျိုးမှုကင်းစင်သည်ဟု သတ်မှတ်နိုင်ကြောင်း - ပြောပါသည်။
“ဓနုနယ်ဖြစ်တဲ့ ပင်းတယ နဲ့ ရွာငံနှစ်မြို့နယ်ထဲကတောင်မှ ဒီ ၁ နှစ် ၂ နှစ်အတွင်း ဘိန်းစိုက်လာတယ်လို့သတင်းတပုဒ်မှာ ဖေါ်ပြထားတယ်။ ဘယ်နေရာစိုက်လဲဆိုတာ အတိအကျမသိလို့ အတည်မပြုနိုင်သေးတာ” ဟု ဦးခွန်စိုင်း ကပြောပါသည်။
ထိုင်းနယ်စပ်ရောက် ဘိန်းခြံလုပ်ကိုင်ဖူးသူတဦးက - မိသားစုဖူလုံရေးအတွက်သာ ဆိုပါက ဘိန်းခြံမလုပ်လည်း တာဝန်ယူနိုင်ကြောင်း၊ ကနေ့ အခြေအနေအရ ခြံမြေ ပေါက်ပြား ၄ ချက် ပေါက်လျှင် - ပထမတချက် နအဖ စစ်တပ် အတွက်၊ ဒုတိယ အချက် ပြည်သူ့စစ်တပ်အဖွဲ့နှင့်အခြားသောလက်နက်ကိုင်တပ်ဖွဲ့များအတွက်၊ တတိယ အချက် လူမှုပတ်ဝန်းကျင် သေရေးရှင်ရေးနှင့် အလှူအဒါန်းအတွက်ပေးရပြီး နောက်ဆုံးအချက်မှသာ မိမိ၀မ်းစာ အတွက်ဖြစ် ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀-၄၀ က အလုပ်တစ်လလုပ်လျှင်တနှစ်လုံးထိုင်စားနိုင် ကြောင်း၊ ယခုတွင်မူတနှစ်ပတ် လုံး အလုပ်လုပ်သော်လည်း တစ်လစာအတွက်ဝမ်းမဝသောကြောင့် ထိုင်းနယ် စပ်သို့ ထွက်ပြေးခိုလှုံလာရခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။
“အဲဒီအခြေအနေကြောင့်ပြည်သူတွေ ဘိန်းခြံလုပ်ခြင်းဖြစ်တယ်။ ကျေးသီးက နအဖ တပ်မှူးတယောက်ဆို ဘိန်းမ စိုက်တဲ့သူ လူအဘဲ၊ အပေးအယူနဲ့လုပ်ကြတာပေါ့ လို့တောင် ပြောဖူးတယ်။” - ဟု ဦးခွန်စိုင်းက အတည်ပြု ပြောဆို၏။
၁၅ နှစ် စီမံကိန်းဖြင့် ဘိန်းစိုက်ပျိုးမှုပပျောက်ရန် စစ်အစိုးရ လျာထားသည့်မြို့နယ်များမှာ သျှမ်း ၄၃ မြို့နယ်၊ ကချင် ၄ မြို့နယ်၊ ကယား(ကရင်နီ) ၂ မြို့နယ်၊ ချင်း ၂ မြို့နယ် - စုစုပေါင်း ၅၅ မြို့နယ်၊ တိုက်ဖျက်သည့်စာရင်း၌ မပါဘဲ ဘိန်းခြံလုပ်နေသည်မှာ - သျှမ်း ၁၄ မြို့နယ်၊ ကချင် ၅ မြို့နယ်၊ ကယား ၁ မြို့နယ်၊ ချင်း ၂ မြို့နယ် နှင့် စစ် ကိုင်းတိုင်း ၁ မြို့နယ်(ကလေးမြို့) - စုစုပေါင်း ၂၃ မြို့နယ် ဟု ဆို၏။ အသေးစိတ်အချက် အလက်များအား ဂျွန် ၂၆ ရက်ကမ္ဘာ့မူးယစ် တိုက်ဖျက်ရေးနေ့၌ သျှမ်းပြည်မူးယစ်စောင့်ကြည့်လေလာသည့် အဖွဲ့အနေဖြင့် အစီရင် ခံစာထုတ်ပြန်မည်ဟု ဦးခွန်စိုင်းက ပြောပါသည်။