၀ နယ်အတွင်း ကျွံဝင်ထောက်လှမ်းသည့် နအဖ ပုလိပ် အဖမ်းခံရ

၀ နယ်အတွင်း ကျွံဝင်ထောက်လှမ်းသည့် နအဖ ပုလိပ် အဖမ်းခံရ
၀ နယ်အတွင်း ၀င်ရောက်ထောက်လှမ်းသည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းအခြေစိုက်ပုလိပ်အား ၀  အာဏာပိုင်က ဖမ်းဆီးထိန်းသိမ်းလိုက်....

၀ နယ်အတွင်း ၀င်ရောက်ထောက်လှမ်းသည့် သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းအခြေစိုက်ပုလိပ်အား ၀  အာဏာပိုင်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း စုံစမ်းသိရှိရပါသည်။

“အဲဒီလူတွေကိုမသင်္ကာဘူး၊ ၀ တပ်စခန်းတွေကိုလိုက်မေးတယ်၊ ဟိုစပ်စုဒီစပ်စုလုပ်တော့ ရပ်ကွက်၊ ကျေးရွာ ၀ အာဏာပိုင် တွေက ဖမ်းဆီးပြီးစစ်ဆေးတယ်၊ မိုင်းယန်းက ပုလိပ်မှန်းသေချာတော့ ၀ စစ်တပ်ဆီကို ပြီးခဲ့တဲ့အပတ် က အပ်နှံလိုက်ပြီလို့သိရတယ်” - ဟု တရုတ်နယ်စပ်နေထိုင်သူ သျှမ်းအမျိုးသား တဦးက ပြောပါသည်။

၀ အာဏာပိုင်က ဖမ်းဆီးချုပ်နှောင်သည့် ရဲတပ်သား ၂ ဦးအနက် တဦးမှာ ကျိုင်းတုံဇာတိ သျှမ်းအမျိုးသားဖြစ် ပြီး ကျန်တဦးမှာ စိုင်းကျော်အမည်ရှိ ၀ အမျိုးသား တဦးဖြစ်သည်ဟု မိုင်းဖျဲန်ဒေသခံတဦးကပြောပါသည်။

၀ တပ်ဖွဲ့ စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ရဲသားနှစ်ဦးသည် နအဖ စစ်တပ်စေခိုင်းချက်အရ ၀ တပ်ဖွဲ့တပ် စခန်း တည်နေရာ၊ အင်အားတိုးချဲ့ ပြင်ဆင်မှုအခြေအနေ နှင့် ၂၀၀၉ နှစ်လည်ပိုင်းက ၀ နယ်အတွင်းပျောက်သွား သည့် ဗမာ့တပ်မတော်သား ၂ ဦး၏သတင်း လိုက်လံစုံစမ်းရန် ၀ နယ်အတွင်းဝင်ရောက်ခြင်းဖြစ်သည်ဟု ထွက်ဆို ခဲ့ကြောင်း အဆိုပါဒေသခံကပြောပါသည်။

“အခုသူတို့ ၂ ယောက်ကို မိုင်းပေါက် ၀ တပ်ဖွဲ့က ထိန်းချုပ်ထားတယ်။ ဌာနချုပ်ကို ပို့မလား၊ ဘာလုပ်မလဲတော့မသိဘူး” - ၀ အာဏာပိုင် နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

၂၀၀၉ နှစ်ကုန်ပိုင်းကလည်း မိုင်းခတ်အခြေစိုက် ခမရ ၃၂၇ မှ လက်နက်အပြည့်တပ်ဆင်ထားသည့် အင်အား ၆ယောက် ပါအဖွဲ့ တဖွဲ့ ၀ ထိန်းချုပ် နယ်မြေသို့ ကျွံဝင် ခဲ့သော်လည်း ၀ တပ်ဖွဲ့က တစုံတရာအရေးမယူဘဲ ပြန်လွှတ်ပေးလိုက် သည်။

၂၀၁၀ မေလဆန်းပိုင်း လားရှိူးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ၀ တပ်ဖွဲ့ဥက္ကဌပေါက်ယူချမ်းအားတွေ့ဆုံရန်ဖိတ်ခေါ် ခဲ့သော်လည်း ၀ တပ်ဖွဲ့ငြင်းဆန်ခဲ့သည့် နောက်ပိုင်း ကနေ့တိုင် ထပ်မံကမ်းလှမ်းခြင်း တစုံတရာမရှိခဲ့ပေ။

“အခုလိုမျိုး နအဖနဲ့အေးအေးကျဲကျဲမနေဖို့၊ ကချင် တပ်ဖွဲ့လို မကြာခဏဝင်ထွက်ဆွေးဖို့လိုတယ်၊ အပေါင်းလက္ခဏာ ဆောင်တာ မဆောင်တာအပထား နှစ်ဘက်စလုံး သွားလာဝင်ထွက်ဖို့အရေးကြီးတယ်” - ဟု တရုတ်အာဏာပိုင် များက ပြောဆိုတိုက်တွန်းထားကြောင်း နယ်စပ်နေအဆိုပါသျှမ်းအမျိုးသားက ပြောပါသည်။

Most read this week