ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်းဆိုင်ရာများနှင့် ပတ်သက်၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ မြို့တော်ခန်းမတွင် မေလ ကုန်ပိုင်း၌ ၂ ရက်ကြာ သင်တန်းပို့ချခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နအဖ နေပြည်တော်၏ဗဟိုရွေးကောက်ပွဲ ကော်မရှင်မှ ဦးစီးကျင်းပသည့် အဆိုပါ သင်တန်းတွင် မူစယ် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သင်တန်းသား ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။
မူစယ်ခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲကို ခရိုင်ဥက္ကဋ္ဌ ဦးချိုအေး မြို့နယ် ဥက္ကဋ္ဌ ဦးအုန်းမြင့် တို့အပါအဝင် လူ ၃၀ ဦးဖြင့် မေလ ၂၃ ရက်နေ့က ဖွဲ့စည်းခဲ့ရာ အဆိုပါ အဖွဲ့ဝင်များ သင်တန်းတက်ခဲ့ခြင်း ဖြစ်သည်။
“သင်တန်းမှာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေပေးသွားပါတယ် ကော်မရှင်အဖွဲ့အနေနဲ့ လုပ်ပိုင်ခွင့်တွေ အများ ကြီးရှိပါတယ်”
“ဒီအထဲက ရွေးကောက် တင်မြောက်ခံရတဲ့ လွတ်တော် ကိုယ်စားလှယ်တွေနဲ့ ပတ်သက်လို့ သူ့သဘောကျ လုပ်ခွင့်ပေး ထားတာတွေရှိပါတယ်”
“ဥပမာ အမတ်တစ်ဦးဦးက အကြောင်းအမျိုးမျိုးကြောင့် ပြုတ်ကျသွားလို့ရှိရင် ကော်မရှင်ကနေပြီး သူ့စိတ်ကြိုက်လူကို တင်မြှောက်နိုင်တယ်၊ လူထုမကြိုက်လည်း ကော်မရှင်ကို ပြန်တရားစွဲဆိုပိုင်ခွင့် မရှိဘူး ဒါမျိုးတွေပေါ့” ဟု နီးစပ်သူက ဆိုသည်။
မူစယ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် ခရိုင်နှင့်မြို့နယ် အဖွဲ့ခွဲဝင် ၁၅ ဦးစီပါ၀င်ကာ ၄နှစ် သက်တမ်းရှိမည်ဖြစ်ပြီး ကျန်းမာရေး ပညာရေး မြေစာရင်း ဥပဒေ စည်ပင် စီမံကိန်း စသည့် ဋ္ဌာနဆိုင်ရာဝန်ထမ်းကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း ထားကြောင်း သိရသည်။
သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ ကွမ်းလုံ နှင့် လောက်ကိုင်ခရိုင်များ (လူအင်အား 40 လားရှိုးသို့ ရွေးကောက်ပွဲ ဆိုင်ရာသင်တန်းသွားပြီး မေ 27 ကိုးကန့် ဒေသသို့ပြန်လည်ရောက်ရှိ) တွင်လည်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းပြီး ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးပြီးဖြစ်ကြောင်း သိရသည်။