သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုံမြို့နယ် ပုံပါကျင်မြို့နယ်ခွဲ တော်လေ (ကိုးကန့်ရွာ) အနီး လားဟူနယ်ခြားစောင့် တပ်ရင်းဆောက်လုပ်နေသော ဆောက်လုပ်ရေး ကုမ္ပဏီအား နအဖအာဏာပိုင်များ တန်ချိန် ၁၀၀၀ သစ်ခုတ်ခွင့်ပေး ကြောင်း စုံစမ်းသိရှိရသည်။
မေလလယ်မှစ၍ ပုံပါကျင်တောင်ဘက် (BP.1လမ်းမပေါ်ရှိ) တော်လေရွာအနီးတွင် လားဟူပြည်သူ့စစ် (နယ်ခြားစောင့်တပ်ရင်း ၁၀၀၇)တပ်ရင်းတည်ဆောက်ရန် ကျိုင်းတုံမြို့မှ နောင်တုံကုမ္ပဏီဦးစီးပြီး လူအား၊ စက်အား များဖြင့် ဆောက်လုပ်ရေးစတင်လျက်ရှိုသည်။
“ကျိုင်းတုံဘက်ကသျှမ်းတွေ၊ဗမာတွေလဲပါတယ်။ ကလေးလူကြီးပေါင်းအားလုံး ရ၀၀ လောက်ရှိမယ်။ တချို့ကလေး တွေ ကျောင်းပိတ်တုန်း ဆောက်လုပ်ရေးမှာ နေ့စားသွားရောက်လုပ်ကိုင်ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။
ပုံပါကျင်အခြေစိုက် လားဟူနယ်ခြားစောင့်တပ်ရင်း ၁၀၀၇ တပ်ရင်းဌါနချုပ်အား အစပိုင်း၌ နားကောင်းမူး အနောက်တောင်ဘက် (၂ မိုင်ခန့်အကွာ) မိုင်းကျွက်သွားလမ်း (ဂျလယ် သင်္ချိုင်းကုန်း)တွင် တပ်စခန်းဆောက်လုပ်ရန် လျာထားခဲ့သော်လည်း မဆောက်လုပ်ဖြစ်ခဲ့ဟုဆို၏။
ဂျပီးကွယ်ဦးဆောင်သော လားဟူပြည်သူ့စစ် (နယ်ခြားစောင့်တပ်ရင်း ၁၀၀၇) တပ်ရင်းဌါနချုပ်ဆောက်လုပ်ရန် နအဖ အာဏာပိုင်များထံမှ သုံးနှစ်စာ သစ်တန်ချိန် ၁၀၀၀ ခုတ်ခွင့်ပေးထားကြောင်း အမည်မဖော်လိုသည့် နောင်တုံကုမ္ပဏီ ၀န်ထမ်းတစ်ဦးက ပြောပါသည်။
“သစ်မာပင်အကြီးစားတွေမှ သိပ်မကျန်တော့တာ။ ဘယ်နားကသစ်ပင်ကိုသွားခုတ်မလဲမသိဘူး။ သစ်တန်ချိန် ၁၀၀၀ ပါမစ်စာရွက်က သစ်တန်ချိန်ထောင်ပေါင်း များစွာ/တောလုံးပြောင်အောင် အခွင့်ထူးယူပြီးခုတ်ဖြတ်လို့ရတယ်” ဟု အဆိုပါကုမ္ပဏီဝန်ထမ်းကဆက်ပြောပါသည်။
မြို့ခံတစ်ဦးကလည်း “သူတို့ တန်ချိန် ၁၀၀၀ လုံုးခုတ်ပြီး တပ်ဆောက်တဲ့နေရာမှာ အားလုံးဘယ်သုံးမှာလဲ။ သုံးလေးရာလောက်သုံးပြီး ကျန်တာတွေကို ရောင်းစားမှာပေါ့” ဟု ပြောကြားပါသည်။
ပုံပါကျင်အခြေစိုက် ဂျပီးကွယ် ဦးဆောင်သော လားဟူပြည်သူ့စစ်တပ်အား နအဖက မတ်လဆန်းပိုင်းတွင်နယ်ခြား စောင့်တပ်ရင်းအမှတ် ၁၀၀၇ အဖြစ် စရဖအရာရှိချုပ် ဗိုလ်ချုပ်ရဲမြင့်ကိုယ်တိုင် တိုးမြှင့်အပ်နှင်းပေးခဲ့သည်။
ယခုကဲ့သို့တပ်ရင်းဌါနချုပ်အကြီးအကျယ်ဆောက်လုပ်နေသော်လည်း တဘက်တွင် လားဟူတပ်သားများ နေ့စဉ်နှင့် အမျှ ထွက်ပြေးနေသည်ဟုလည်း သိရှိရပါသည်။
စိုင်းအွမ်တစ်ပိုင်နောင်တုံကုမ္ပဏီသည် ယခုလက်ရှိလားဟူနယ်ခြားစောင့်တပ်ရင်းဌါနချုပ် ဆောက်လုပ်နေသည့်အပြင် မိုးနဲဲ-ကျိုင်းတုံမီးရထားလမ်း၊ ကျိုင်းတုံ အနောက်ဘက် ကျိုင်းဖောင်း (ကျိုင်းတုံဘူတာကြီး) ဘူတာရုံ ဆောက်လုပ်ရေး ကန်ထရိုက်ရရှိထားရှိထားသော ကုမ္ပဏီလည်းဖြစ်ပါသည်။