သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်တွင် ဒေသခံ စစ်တပ် ရဲနှင့် ပြည်သူ့စစ်အဖွဲ့များက ဒေသထွက်ကုန် သယ်ဆောင် သည့် ထော်လာဂျီယာဉ်များထံမှ ငွေတောင်းယူမှုများ ရှိနေကြောင်း ဒေသခံများအဆိုအရ သိရသည်။
ထင်း မီးသွေး လက်ဘက်ခြောက် နှင့် ဆန်ကဲ့သို့သော ကုန်များကို ဒေသအတွင်း ထော်လာဂျီယာဉ်ဖြင့် သယ်ဆောင်ရာတွင် လမ်းကြောင်း တစ်လျှောက်ရှိ နအဖ လုံခြံုရေး ဂိတ်တာဝန်ကျ အဖွဲ့များက ငွေတောင်းခြင်းဖြစ်သည်။
နမ့်ခမ်း - မုံးဝီး လမ်းကြောင်းတစ်လျှောက်တွင် လက်နက်ကိုင်လုံခြံုရေး ဂိတ် ၃ ခုရှိပြီး ငွေတောင်းသည့်အဖွဲ့ ၁၀ ဖွဲ့ခန့်ရှိ ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နမ့်ခမ်းမြို့နှင့် မုံးဝီးကြားတွင် ကျေးရွာ ၈ ရွာခန့်ရှိပြီး မုံးဝီးမှဆက်ထွက်လျှင် မိုးမိတ်မြို့နယ်သို့ ပေါက်ရောက်ကြောင်း သိရသည်။
“နမ့်ခမ်းကနေစထွက်ရင် မုံးဝီးအထိ ရွာ ၈ ရွာလောက်ရှိတယ် ကြားထဲမှ ပန်ဆေးပြည်သူ့စစ် ပလောင်ပြည်သူ့စစ်ရဲ သစ်တော အဲဒီအဖွဲ့တွေထိုင်တဲ့ ဂိတ်က ၃ ဂိတ်ရှိတယ် လမ်းမှာကျတော့ သူတို့ကိုယ်တိုင်မတောင်းဘူး တခြားလူတွေ ကိုတောင်းခိုင်းတယ် မပေးရင် နောက်မှာရဲတွေခေါ်လာတယ် အဲလိုလုပ်တယ်” ဟု သူက ဆိုသည်။
နမ့်ခမ်းမှ မုံးဝီးအထိ ကြားတွင် မန့်အင်၊ နမ့်တီး၊ လွယ်အင်ကန်၊ ဟိုပုံ၊ နမ့်မ ၊ငါးလုံ ၊ကောင်းကတ် နှင့် မန့်ကြတ် ရွာများရှိပြီး မန့်အင် ၊ လွယ်အင်ကန် ၊ ကောင်းကတ်ရွာ များတွင် လုံခြံုရေးဂိတ်များရှိကြောင်း သိရသည်။
ဒေသခံသုံး ထော်လာဂျီ (photo:koshweyoe in flickr)
“ကားကြီးရင်များများကောက်တယ် သေးရင်နည်းနည်းကောက်တယ် ထင်းတင်တဲ့ထော်လာဂျီတစ်စီးဆို ကျပ် ၂၀၀ ကနေ ၅၀၀ အဲလိုကောက်တယ် မီးသွေးတင်ရင် တစ်သောင်းကျော်အထိ ပေးရတယ် ပြောတတ်ရင်နည်းနည်းပေးရတယ် မပြော တတ်ရင် များများပေးရတယ်” ဟု သူကဆိုသည်။
တောင်းသည့်ငွေမပေးပါက ဥပဒေနှင့်ခြိမ်းခြောက်၍ တောင်းယူကြောင်း သူက ဆက်ပြောသည်။ “ မပေးဘူးဆိုရင် ခင်ဗျား တို့မပေးလည်းရတယ် ရဲစခန်းကို မောင်းသွား လိုက် အမှုစွဲမယ်လို့ ခြိမ်းခြောက်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် နအဖစစ်အာဏာပိုင်များသည် စစ်တပ် ရဲ ပြည်သူ့စစ် စသည့်လက်နက်ကိုင်တပ်ဖွဲ့ မျိုးစုံကို တိုးချဲ့ဖွဲ့စည်း နေသော်လည်း အဆိုပါတပ်ဖွဲ့ဝင်များအတွက် ကျပ် ၃၀၀၀၀ ၀န်းကျင်သာ အခြေခံလစာအနေဖြင့် ထောက်ပံ့ပေးလျှက်ရှိရာ နေထိုင်စားသောက်စားရိတ်အတွက် ကိုယ့်နည်းကိုယ့်ဟန်နှင့် ဖြေရှင်းနေရကြောင်း သိရသည်။