သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သို့မဟုတ် ကျားဖြူပါတီဟု လူသိများလာသည် SNDP (Shan Nationalities Democratic Party) ၏ ပါတီအလံ နှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတရပ်အား ယနေ့မနက်ပိုင်း၌ ကျင်းပခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။
“ဟုတ်တယ် ဒီနေ့ မနက် ၈း၄၄ နာရီမှာ ပါတီ အလံတော်နဲ့ ဆိုင်းဘုတ်တင်ပွဲကျင်းပတယ်၊ နိုင်ငံရေးအသိမိတ်ဆွေတွေ တော်တော်များများလာပါတယ်”- ဟု ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါ၀်းက ပြောပါသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (Shan Nationalities Democratic Party) သည် စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်ထံမှ မေ ၂၆ ရက်နေ့က တရားဝင်နိုင်ရေးမှတ်ပုံတင်ခွင့် ရရှိထားပါသည်။ ယနေ့ ဂျွန် ၃ ရက် ပါတီ ရုံးချုပ်ဆိုက်ရာ ရန်ကုန် တောင်ဥက္ကလာပ နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ ရုံးခွဲလည်း တပြိုင်ထဲ ဖွင့်လှစ်သည်ဟု ဆို၏။
မေ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ SNDP ပါတီအလံနှင့် တံဆိပ်
“ရွေးကောက်ပွဲကော်မရှင်ကနေ ကျနော်တို့ပါတီကို ၂၆ ရက်နေ့တုန်းက တရားဝင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုလိုက်ပြီ လေ။ ဒီလထဲမှာ စည်းရုံးရေး ဆင်းနိုင်အောင်/ လုပ်ငန်းလည်ပတ်နိုင်အောင် အခြားမြို့နယ်တွေမှာလဲ ရုံးခွဲ တွေဆက်တိုက်ဖွင့် လှစ်သွားမယ်”- ဟု ဦးစိုင်းအိုက်ပေါ၀်းက ပြော၏။
ဦးစိုင်းအိုက်ပေါ၀်း ခေါင်းဆောင်ဖြစ်သည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (Shan Nationalities Democratic Party) ၏ ပါတီအလံတော်သည် အနီ နဲ့ အစိမ်း အလည် လဝန်းဖြစ်ကြောင်း၊ ပါတီတံဆိပ်မှာမူ ကျားဖြူ (တကိုယ်လုံး) သတ်မှတ်ထားကြောင်းလည်း သိရှိရပါသည်။
“သျှမ်းပြည်တခုထဲဆို ပါတီဝင် အယောက် ၅၀၀ လောက်ရရင်ပြီးပြီ၊ အခု ကျနော်တို့က တခြားတိုင်းနဲ့ပြည်နယ် တွေမှာ သွားဝင်ပြိုင်ဦးမယ်ဆိုတော့ ပါတီဝင် ၁၀၀၀ လောက် အနည်းဆုံးရမှ ဖြစ်မယ်” - ဟု ဆက်၍ ပြောပြ၏။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP (Shan Nationalities Democratic Party) သည် သျှမ်းပြည် ၃၉ မြို့နယ် စစ်ကိုင်းတိုင်း ၂ မြို့နယ်၊ ကချင်ပြည် ၆ မြို့နယ် နှင့် ကယား (ကရင်နီပြည်) ၃ မြို့နယ်အပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းတို့၌လည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟုဆိုသည်။