နအဖအာဏာပိုင်များက ကျိုင်းတုံမြို့သာသနာ့ဗိမာန် အုတ်တံတိုင်းဆောက်လုပ်ကာရံရန် ဒေသခံလူထုထံ အလှူငွေ များ ကောက်ခံလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
တြိဂံဒေသတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုးက သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့ နောင်ခမ်းရပ်ကွက်အတွင်းရှိ သာသနာ့ဗိမာန် အုတ်တံတိုင်းဆောက်လုပ် ကာရံရေးအတွက် ကျိုင်းတုံမြို့နေ ကားပိုင်ရှင်များထံ အလှူငွေကောက်ခံ ရန် ရပ်ကွက်/ကျေးရွာအာဏာပိုင်များအား ညွန်ကြားထားသည်။
ရပ်ကွက်/ကျေးရွာအာဏာပိုင်များက အုတ်တံတိုင်းဆောက်လုပ်ရေးအတွက် မြို့တွင်းသွားလာ/၀င်ထွက်ပြေးဆွဲနေ သည့်ယာဉ်- ၁၆ ဘီး တစ်စီး ကျပ် ၃ သိန်း၊ ၁၂ ဘီး ကျပ် ၂ သိန်း၊ ၆ ဘီး ကျပ် ၁ သိန်း၊ ဟိုင်းလက်တစ်စီး ကျပ် ၆ သောင်း၊ ဒိုင်နာတစ်စီးကျပ် ၅ သောင်းအသီးသီးထည့်ဆောင်ရမည်ဟု မြို့ဝင်/ထွက်ဂိတ်များ၌ စာကပ် ထားသည် ဟုဆို၏။
ကျိုင်းတုံ-တာချီလိတ်အမြန်ယာဉ် ဓါတ်ပုံ S.H.A.N. Arntai
“ကျိုင်းတုံမြို့မှာ ၁၆ ဘီးကားကြီး ၉၂ စီးရှိတယ်။ အာဏာပိုင်တွေက အစီး ၆၀ ကို စာရင်းကောက်ယူပြီး ကျန် ၃၂ စီးအတွက် စာရင်းစီစစ်ကောက်ယူဆဲ” ဟု မယကနှင့် ၀င်ဆန့်သူတစ်ဦးက ပြောပြပါသည်။
ထို့အပြင် တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး၏ ညွွှန်ကြားချက်အတိုင်း ခရက၊ မယကတို့က မြို့ပေါ်ရပ်ကွက်ရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအားလုံးဆင့်ခေါ်ပြီး ရပ်ကွက် အတွင်း ကင်းတဲများဆောက်လုပ်ရန် ညွန်ကြားခဲ့သေး၏။
မေလလယ်မှစ၍ တရက်လျှင် ၂၄ နာရီပတ်လုံး ရပ်ကွက်သား ၃ ဦးစီ အလှည့်ကျကင်းစောင့်ခိုင်းစေသည်ဟုဆို၏။
“ကင်းစောင့်ဖို့မအားရင် တနေ့ကျပ်ငွေ ၃၀၀၀ နဲ့ လူတယောက်ငှားပြီး အစားစောင့်ခိုင်းဖို့ မယကရုံးကို ပိုက်ဆံပေး သွင်းရတယ်။ကိုယ်တိုင်လူစားသွားရှာငှါးပြီး စောင့်ခိုင်းလို့ မရဘူးလို့လဲ အမိန့်ထုတ်ထားသေးတယ်” ဟု မြို့ခံတစ်ဦး က ပြောပါသည်။