ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်း မဝင်မနေရ စာရင်း ကောက်သိမ်းသွင်း

ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်း မဝင်မနေရ စာရင်း ကောက်သိမ်းသွင်း
by -
မွေခေါ၀်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီအား ထောက်ခံမဲ ရရန် ဒေသခံများအား ကြံ့ဖွံ့အသင်းသားအဖြစ် အဓမ္မသိမ်းသွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရ...

သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီအား ထောက်ခံမဲ ရရန် ဒေသခံများအား ကြံ့ဖွံ့အသင်းသားအဖြစ် အဓမ္မသိမ်းသွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျိုင်းလိတ်လေဆိပ်အနီးရှိ မိုင်းလန်းကျေးရွာအုပ်စု၊ ဟွေပုံကျေးရွာတွင် မေ ၁၇ ရက်မှစ၍ ကျေးလက်လူထု ကြံ့ဖွံ့ အသင်းဝင်များ ဖြစ်စေရန် စာရင်းများကောက်ယူလျက်ရှိသည်။

“အသက် ၁၅ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်အသင်းဝင်ရမယ်။ မဝင်တဲ့သူတွေ နိုင်ငံတော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်ကြောင်း စည်းရုံးခံရသူတစ်ဦးကပြောပါသည်။

ရွာသူရွာသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံများရိုက်ယူသွားကြောင်း၊ ကျေးရွာအုပ်စု ၁၀အုပ်စု၏စာရင်းများ ကောက်ယူ ပြီး မြို့ပေါ်  ၅ ရပ်ကွက်၌ လူထုစာရင်း ဆက်တိုက်ကောက်ယူမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ဦးသိန်းစိန်

ကျိုင်းတုံမြို့ ကြံ့ဖွံ့အကြီးအကဲများက “တြိဂံတိုင်းမှူးဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်(လက်ရှိကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်)ရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ အသက် ၁၅ နှစ်အထက် လူတွေအားလုံး ကြံ့ဖွံ့ အသင်းထဲဝင်ရောက်ရမယ်လို့ လူထုကိုပြောဆိုစည်းရုံးတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရွာသူရွာသားအချို့က ကြံ့ဖွံ့အကြီးအကဲများ ၀န်ကြီးချုပ်သိန်းစိန်သည် ကျေးလက်ပြည်သူလူထုများကို မည်ကဲ့သို့ လုပ်ဆောင်ပေးခဲ့သည်ကို  မပြောပြကြောင်း၊ သူတို့လည်း ဘာမှမသိရှိရကြောင်း အဆိုပါဒေသခံက သျှမ်းသံတော်ဆင့် သို့ဆက်၍ပြောပါသည်။

ဦးသိန်းစိန်ဦးဆောင်သော ကြံ့ဖွံ့ပါတီသည် တပြည်လုံးအတိုင်းအတာဖြင့် စည်းရုံးရေးဆင်းနေပြီ ဖြစ်သော်လည်းအခြား ယှဉ်ပြိုင်ပါတီများ စည်းရုံးရေးဆင်းခွင့်မရသေးပေ။

Most read this week