နအဖ၏ ပြည်သူ့စစ် အသွင်ကူးပြောင်းရေး ဖိအားပေးမှုကို လက်မခံရန် ဒေသခံပလောင် လူမျိုးများက အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ ဗိုလ်ချုပ်ပန်ဖှထံ တောင်းဆိုသည်ဟု စုံစမ်းသိရှိရသည်။
ပလောင်လူမျိုး photo: taunggyicherryland.com
“ပလောင်ကျေးရွာခေါင်းဆောင်တွေ ရောက်လာပြီး ဗိုလ်ချုပ်ပန်ဖှကို တွေ့ဆုံကန်တော့ကြတယ်။ ပြီးတော့သူတို့ရဲ့ တကယ့်စိတ်ရင်းဆန္ဒကို ပြောတယ်” ဟု တပ်မဟာ ၁ အရာရှိအသိုင်းအဝိုင်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။
အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းမှီတင်းနေထိုင်ကြသည့် ပလောင်ကျေးရွာများမှ ကျေးရွာအကြီးအကဲများက တပ်မဟာ ၁ ဌါနချုပ်သို့ ခြေလျင်ဖြင့်ရောက်သွားကြပြီး ဗိုလ်ချုပ်ပန်ဖှအား မေ ၂၃ ရက်၌ တွေ့ခွင့် တောင်း၍ကန်တော့ခဲ့ကြသည်။
ဗိုလ်ချုပ်ပန်ဖှအားကန်တော့ပြီးနောက် ထမင်းလက်ဆုံစားကြရာ ပလောင် လူမျိုးရပ်ရွာအကြီးအကဲများက ဗိုလ်ချုပ်ပန်ဖှအား ဗမာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်မလုပ်ရန် ဤကဲ့သို့ တောင်းဆိုပန်ကြားခဲ့ သည်ဟုဆို၏။
“နအဖ နားချသိမ်းသွင်းစည်းရုံးနေတဲ့ ပြည်သူ့စစ်အသွင်ကူပြောင်းရေးကိစ္စကို လက်မခံပါနဲ့။ တကယ်လို့ လက်ခံ လိုက်မယ်ဆိုရင် ကျနော်တို့ ပလောင် လူမျိုးတွေ အားကိုးရာမဲ့ဖြစ်သွားမယ်။ ဒေသခံပြည်သူလူထုလည်း ပိုပြီးဒုက္ခ ရောက်သွားနိုင်တယ်။”
ဗိုလ်ချုပ်ပန်ဖှက “ခင်ဗျားတို့ စိတ်မပူပါနဲ့။ ကျနော်တို့ ပြည်သူလူထုဖက်၊ ခင်ဗျား တို့ဖက်မှာ အမြဲတမ်းရပ်တည်နေ မှာပါ”ဟု ပြန်လည်ဖြေကြား ခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းကပြောပါသည်။
ဗိုလ်ချုပ်ပန်ဖှ photo: SHAN
မေ ၂၅ ရက် နံနက် ၉ နာရီ တပ်မဟာ ၁ ဌါနချုပ်တွင် ဗိုလ်ချုပ်ပန်ဖှက ဒုတပ်ရင်းမှူးအထက် အရာရှိများ အားခေါ်ယူ၍အခြေအနေရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့သည်ဟုလည်း စုံစမ်း သိရှိရသည်။
လက်ရှိအခြေအနေကို ရှင်းလင်းတင်ပြရာ၌ နအဖတပ်နှင့် ပုံမှန်ဆက်ဆံမှု မရှိတော့သည့် ငြိမ်သက်နေသော အနေအထားအပေါ်တွေဝေမှိန်းမော သတိ ပေါ့လျော့လေ့ရှိကြောင်း၊ ပိုမိုစိုးရိမ်ရသောယခုအခြေအနေကြောင့် သတိ ၀ိရိယကြီးစွာထားသင့်ကြောင်း ပြောကြားခဲ့သည်ဟုဆို၏။
ယခုပြုလုပ်သော ရှင်းလင်းဆွေးနွေးပွဲမှာ ယခင်အစည်းအဝေးကဲ့သို့ များသော အားဖြင့်နားထောင်ခြင်းမျိုးမဟုတ်ပဲ မည်သူမဆို ကိုယ့်ထင်မြင် ယူဆချက်၊ အကြံပြုချက်များကို ရဲရဲရင့်ရင့်ဆွေးနွေးတင်ပြကြရန် တိုက်တွန်းကြောင်း သိရှိရသည်။
မေလ ၂၁ ရက်နေ့တွင် ကျရောက်သော သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့၌ တပ်မဟာ ၁ ဌါနချုပ်တွင် ပြုလုပ်ကျင်းပခဲ့သော်လည်း ဌာနေပြည်သူ့စစ်အဖြစ်လက်ခံသည့် ဦးလွယ်မောဝ် ဦးဆောင်သော စိန်ကျော့ဌါနချုပ် တွင်မူ ယခင်နှစ်များကဲ့သို့ ကျင်းပခြင်းမရှိ တော့ဟုဆိုသည်။