နယ်ခြားစောင့်တပ် ဆွေးနွေးရေး ၀ တပ် ငြင်းပြန်

နယ်ခြားစောင့်တပ် ဆွေးနွေးရေး ၀ တပ် ငြင်းပြန်
၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က နအဖစစ်တပ်၏ နယ်ခြားစောင့်တပ်အရေး ဆွေးနွေးလိုကြောင်း ဖိတ်ကြား ချက်ကို ငြင်းဆန်....

၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA က နအဖစစ်တပ်၏ နယ်ခြားစောင့်တပ်အရေး ဆွေးနွေးလိုကြောင်း ဖိတ်ကြား ချက်ကို ငြင်းဆန်လိုက်သည်။

မေလတတိယပတ်အတွင်းက ၀တပ်အား နယ်ခြားစောင့်တပ်ကိစ္စ ထပ်မံရှင်းလင်းပြလိုသည်ဟုဆိုကာ လားရိူးမြို့သို့ သွားရောက်ဆွေးနွေးရန် အရှေ့မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ် (ရမခ) စစ်ဘက်ရေးရာလုံခြံုရေးဋ္ဌာန (စရဖ) မှတဆင့် နှုတ်ဖြင့် ဖိတ်ကြားခဲ့မှု အပေါ် ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

၀ တပ် အနေဖြင့် နယ်ခြားစောင့်ကိစ္စ ပြောသင့်သည်များကို တင်ပြပြီး ဖြစ်သဖြင့် ထပ်ဆွေးနွေးရန် မလိုတော့ကြောင်း ရက်ပိုင်း အတွင်း တုန့်ပြန်ခဲ့ကြောင်း ၀တပ် သတင်းရပ်ကွက်များက ဆိုသည်။

မေလဆန်းပိုင်းက ၀ ဋ္ဌာနချုပ် ပန်ဆန်းမြို့၌ နှစ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ၀တပ်မှ စရဖချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ရမခတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်ထံ အချက် ၄ ချက်ပါသော စာတစ်စောင်ပေးပို့မည့်ကိစ္စနှင့် စပ်လျဉ်း၍ ဖိတ်ကြားခြင်းဖြစ်ကြောင်း ၀ နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဒုဥက္ကဌ ရှောက်မင်လျံ၊ ရမခ တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်၊ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်(အလယ်)၊ UWSP ဥက္ကဌ ပေါက်ယူချမ်း၊ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး

“မေလ ၉ ရက်နေ့က စရဖ ဒုဋ္ဌာနကြီးမှူး သန်းထွဋ်သိန်း ဦးစီးပြီးတော့ ပန်ဆန်းမှာ ဆွေးနွေးတယ် ၀ ဘက်က ထူးထူးခြား ခြား မပြောဘူး၊ ပန်ဆန်းက အပြန်မှာ ၀ ဥက္ကဋ္ဌ ပေါက်ယူချမ်းက ရဲမြင့်နဲ့တိုင်းမှူး အတွက်ဆိုပြီး အချက် ၄ ချက်ပါတဲ့ စာတစ်စောင် ထည့်ပေးလိုက်တယ် ”

“ဒီစာအရ နအဖက ၀အနေနဲ့ နယ်ခြားစောင့်တပ်ကိစ္စ နားလည်မှုလွဲနေတယ်၊ ပြည့်စုံမှုမရှိတာကို ရှင်းပြဖို့လိုတဲ့အတွက် ပေါက် ယူချန်းဦးဆောင်ပြီး လားရှိုးကို ကြိုက်တဲ့သူခေါ်လာပါလို့ ထပ်ဖိတ်တယ်” ဟု နီးစပ်သူက ဆိုသည်။

၀တပ်မှ နအဖထံ ပေးပို့သော စာပါအချက်များမှာ

၁ ။ ငြိမ်းချမ်းရေးနဲ့ တိုးတက်ဖွံ့ဖြိုးရေးလမ်းကြောင်းအတိုင်း (မိမိဘာသာ) ဆက်လက် ချီတက်သွားမည်။
၂ ။ ပြည်ထောင်စုထဲမှ ခွဲထွက်ခြင်းနှင့် ၀ပြည်နယ်လွတ်လပ်ရေး တောင်းဆိုခြင်းပြုလုပ်မည် မဟုတ်။
၃ ။ ၂၀၁၀ ရွေးကောက်ပွဲကို မူအားဖြင့် ထောက်ခံသည်။
၄ ။ နယ်စပ်ဒေသရှိ တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းဆောင်ရွက် သွားမည်ဟူသော အချက်များပါ၀င်ကြောင်းသိရသည်။

နအဖ၏ ဖိတ်ကြားချက်အပေါ် ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း အခြေအနေများကို ၀ ခေါင်းဆောင်ပိုင်းက ၀ နယ်အတွင်းခရိုင်/ မြို့နယ်/တိုက်နယ်များ အလိုက် ရှင်းလင်းချပြမှုများ ရှိကြောင်းသိရသည်။

၂၀၀၉ ဧပြီ ၂၈ ရက်နေ့မှစ၍ နအဖစရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကိုယ်တိုင် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရေး အဆိုပြုထားရာ ယင်းအဆိုကို ပန်ဆန်းအခြေစိုက် ၀ တပ်ဖွဲ့က ယနေ့တိုင်ငြင်းဆန်နေဆဲ ဖြစ်သည်။