လွယ်တိုင်းလျဲန်း၌ ပြုလုပ်ကျင်းပခဲ့သော ၅၂ နှစ်မြောက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် အပစ်ရပ်မှတောပြန်ခိုခဲ့သည့် ဗိုလ်ချုပ်စိုင်းယီက မြောက်ပိုင်း SSA အား တိုင်းပြည်နှင့် လူမျိုးအတွက် ရဲရင့်ပြတ်သားစွာ ကိုယ်ကျိုးစွန့်ရန် သတိပေးပြောကြားခဲ့ပါသည်။
“အပစ်ရပ် သျှမ်းပြည်တပ်မတော်မှ အရာရှိခေါင်းဆောင်တွေအားလုံး ဒီနေ့ကစ ရန်သူ့အပေါ် ပြတ်သားသင့်လှပြီ။ ကိုယ်ကျိုးထက် တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွတ်ရဲရမယ်။ ပိုပြီးတွေးတော စဉ်းစားဆုံးဖြတ်သင့်တယ်” ဟု စဝ်စိုင်းယီက ပြောကြားခဲ့ပါသည်။
“ကျနော်တို့ရဲ့ တော်လှန်ရေးဟာ ခုတ်မောင်းသွားနေတဲ့ ရထားနဲ့တူတယ်။ လမ်းခရီးတလျှောက် ဘူတာတွေမှာ ရပ်နားရင် ဆင်းတဲ့သူရှိသလို၊ တက်တဲ့သူလည်းရှိတယ်။ ဒါပေမယ့်ရထားကတော့ နောက်ဆုံးဘူတာရောက်တဲ့အထိမရပ်မနား ဆက်သွားနေအုံးမှာပဲ”
SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးယွတ်စစ်ကလည်း အပစ်ရပ် သျှမ်းပြည်တပ်မတော်အား SSA ရဲ့ သမိုင်းကြောင်းကို ရေစုန်မျှောပစ်မယ် ဆိုလျှင် သဲထဲရေသွန်တာထက် လွန်စွာဆိုးရွားသွားနိုင်ကြောင်း၊ သေသေချာချာပြန်စဉ်းစားဆုံးဖြတ်မည် ဆိုလျှင် အချိန်နောက်မကျသေးကြောင်း သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
“နအဖ အလိုအတိုင်း သဘောတူလက်ခံမှုမရှိရင် အခက်အခဲအကြပ်အတည်းကြံုတွေ့မှာကတော့ သေချာတာပေါ့။ ဒါပေမဲ့တိုင််းပြည်နဲ့လူမျိုး အတွက် ထိုးစစ်ဆင်တိုက်ပွဲဝင်ရမှာက ရှောင်လွဲလို့မရတဲ့ကိစ္စဘဲ။ မိမိတို့ကြွေးကြော်ရေးသားခဲ့ဖူးတဲ့ ရည်မှန်းချက်တွေကို ပြန်ပြီးတွေးတော အမှတ်ရစေချင်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် မိမိရဲ့ကိုယ်ကျိုးကို စွန့်လွတ်ရဲရမယ်”
စဝ်ယွတ်စစ်က နအဖ ဦးဆောင်ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မည်သူကမှ ပါ၀င်ယှဉ်ပြိုင်ခြင်းမရှိဘဲ ပါတီမထောင် မှတ်ပုံတင်စရာမလို လုံးဝဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိလျှင် အကောင်းဆုံးနည်းလမ်းဖြစ်သည် ဟု ပြောကြားသွားခဲ့သည်။
စဝ်စိုင်းယီသည် SSNA ခေါင်းဆောင် စဝ်ကန်းယွတ်ကွယ်လွန်သွားပြီးနောက် တပ်မဟာအချို့ လက်နက်ချသွားခဲ့ရ သော်လည်း စဝ်စိုင်းယီနှင့် စဝ်အောင်မြတို့က ကျန်တပ်မဟာများကိုဦးဆောင်ပြီး ၂၀၀၅ တွင် လက်နက်ကိုင်တိုက်ခိုက်ဆဲ တောင်ပိုင်း SSA ခေါင်းဆောင်စဝ်ယွတ်စစ်နှင့် လာရောက် ပူးပေါင်းခဲ့သည်။