တာချီလိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်

တာချီလိတ်မြို့နယ် အတွင်း တိုက်ပွဲဖြစ်
သျှမ်းပြည် တပ်မတော် အမှတ် ၁ စစ်ဒေသ နှင့်  ဗမာ့တပ်မတော်တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရ....

သျှမ်းပြည် တပ်မတော် အမှတ် ၁ စစ်ဒေသ နှင့်  ဗမာ့တပ်မတော်တို့ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

အမည်မဖေါ်လိုသူ ရွာသားတဦးက -“ သျှမ်းတပ်က ၁၀ ကျော် နဲ့ ဗမာ့တပ်မတော် စစ်ကြောင်းတကြောင်း   မိုင်းကိုးကျေးရွာအုပ်စုစီငေါက့်ရွာ အနီး လယ်ကွင်းပြင်ထဲမှာ တိုက်ပွဲဖြစ်တာ၊ နာရီဝက်နီးနီး ပစ်ခတ် ကြတယ်” - ဟု ပြော၏။

မေ ၁၆ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းက တာချီလိတ် အခြေစိုက် ခမရ ၃၃၁ တပ်ရင်းမှ အင်အား ၃၀ ကျော် စစ်ကြောင်းတကြောင်း နှင့်  သျှမ်းပြည် တပ်မတော် နယ်လှည့်တပ်ဖွဲ့တို့ တာချီလိတ်မြို့ အရှေ့မြောက်ဘက် ၁၅ မိုင်အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်၏။

သျှမ်းပြည်တပ်မတော်သားများ

“တိုက်ပွဲပြီးတော့ ဗမာစစ်သားတွေ အထမ်း ၃ ထမ်း ထမ်းသွားတာတွေ့ရတယ်။ လူနာလား/အလောင်းလား တော့မသိဘူး။ သျှမ်းတပ်ဘက် ကတော့ ဘယ်လောက်သေကျေဒဏ်ရာရလဲမသိဘူး” - ဟု ဒေသခံ နောက်တဦး က သျှမ်းသံတော်ဆင့်သို့ ပြော၏။

ထို့အတူ ပြီးခဲ့သည့် တနင်္လာနေ့ကလည်း မိုင်းကိုးကျေးရွာအုပ်စုဝင် ၀မ့်ပန်စလီရွာရှိ အခါပြည်သူ့စစ်တပ်ဖွဲ့အား နအဖ လှုပ်ရှားစစ်ကြောင်း တကြောင်းက စက်သေနတ်ပေးပြီး သျှမ်းပြည်မတော် နယ်လှည့်စစ်ကြောင်း တစ် ကြောင်းကို  လိုက်လံပစ်ခတ်စေခဲ့သေးသည်ဟုဆို၏။ သို့သော် နှစ်ဦးနှစ်ဘက်ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆက်လက်ပြောပြ၏။

သျှမ်းပြည်တပ်မတော် နှင့် ဗမာ့တပ်မတော်ကြား မကြာခဏ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေ၌ တာချီလိတ် မြို့နယ် ပြည်သူ့ စစ်တပ်ဖွဲ့ အားလုံးစုပေါင်းပြီး နယ်ခြားစောင့်တပ်ရင်း အဖြစ် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောင်းလဲဖွဲ့စည်းလိုက်၏။ စရဖ အရာရှိချုပ်ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ကိုယ်တိုင် အခမ်းအနားဖြင့် ရာထူးအဆင့် အပ်နှင်းပေးခဲ့သည်။

Most read this week