ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာစီမံကိန်း ဗုံးကွဲမှုအပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာ -မြစ်ကြီးနား ကားလမ်းပေါ်ရှိ နအဖစစ်ဆေးရေး ဂိတ်များတွင် ခရီးသွားများအား ယနေ့အထိ ရှာဖွေစစ်ဆေးနေဆဲ ဖြစ်ကြောင်း...
ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာစီမံကိန်း ဗုံးကွဲမှုအပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်ရာ လိုင်ဇာ -မြစ်ကြီးနား ကားလမ်းပေါ်ရှိ နအဖစစ်ဆေးရေး ဂိတ်များတွင် ခရီးသွားများအား ယနေ့အထိ ရှာဖွေစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။
ဗလမင်းထင် ဧရာဝတီမြစ်ကူး တံတား နှင့် လိုင်ဇာမြို့အနီး လဂျားယန်ဂိတ်များတွင် ရှာဖွေစစ်ဆေးနေကြောင်း လိုင်ဇာ - မြစ်ကြီးနား ကားလှိုင်း ယာဉ်မောင်းသမားနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဗလမင်းထင်တံတားဆိုရင် ၀ိုင်းမော်ဘက်ကမ်း မိုင်းနားဘက်က ဋ္ဌာနပေါင်းစုံဂိတ်ပေါ့ ရဲတို့မူးယစ်တို့ပါမယ် လဝကပါမယ် အဲလိုမျိုး ပေါ့နော ကားပေါ်ကနေ လူတစ်ယောက် ချင်းစီ လမ်းဆင်း လျှောက်ရတယ် မှတ်ပုံတင် စစ်တယ် ပစ္စည်းတွေ အိတ်တွေ အကုန်လုံးရှာတယ် အသွားအပြန်ပေါ့ ” ဟု သူက ပြောသည်။
ထို့အတူ လဂျားယန်ရွာ နအဖစစ်တပ်ဂိတ်တွင်လည်း ခရီးသွား တစ်ယောက်ချင်း လမ်းဆင်းလျှောက်ရပြီး အစစ်အဆေး ရှိကြောင်း သိရသည်။
“အရင်တုန်းက ဘယ်လိုလဲဆိုတော့ ကားသမားက ဂိတ်မှာလက်မှတ်ထိုး ဂိတ်ကြေးပေးပြီးတော့ ခရီးသည်တွေမြန်မြန် သွားလို့ရတယ် အခုဗုံးကွဲပြီးနောက်ပိုင်းဆို ဂိတ်ကိုဖြတ်တဲ့ အခါ တစ်ယောက်ချင်းစီလမ်းဆင်းလျှောက် ပစ္စည်းတွေရှာဖွေ တာပေါ့ ” ဟု သူက ပြောသည်။
လိုင်ဇာမြို့နှင့် မိုင်အနည်းငယ်သာ ဝေးသည့် လဂျားယန်ရွာ အနီး နအဖစစ်တပ်ဂိတ်တွင် ၀ိုင်းမော်အခြေဆိုက် ခလရ ၅ဂ က တပ်စခန်းချ ထားကြောင်း သိရသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ဧပြီလ ၂၈ ရက်နေ့ နောက်ဆုံး အကြောင်းပြန်ကြားရန် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ကို နအဖက ရာဇသံပေးခဲ့သည်။
အဆိုပါ နအဖ၏ရာဇသံကြောင့် မြစ်ကြီးနား - ဗန်းမော် - လိုင်ဇာ ကားလမ်းတွင် ကုန်စည်စီးဆင်းမှုများ ရက်သတ္တတစ်ပတ် ခန့် ရပ်တန့် သွားသော်လည်း ယခုအခါ ပုံမှန်အနေအထား ရောက်ရှိနေကြောင်း သိရသည်။