အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ ကိုယ်စားလှယ်အား ကွန်ဟိန်းဗျူဟာမှူးက ကားလမ်းအနီးနေရာယူ တပ်စိုက်ထားသော တပ်စခန်းအချို့ရုပ်ပေးရန် အကြောင်းကြားထားသည် ဟု စုံစမ်းသိရှိရသည်။
မေ ၁၃ ရက်နေ့ ကွန်ဟိန်းဗျူဟာမှူးက “ကွန်ဟိန်း-မိုင်းရှုး/မိုင်းနောင်-မိုင်းရှုးကားလမ်းအနီး ဒီရက်ပိုင်းအတွင်းဖြန့်ကြက် တပ်ချလာတဲ့ တပ်တချို့ ရုပ်ပေးစေချင်တယ်။ အထက်လူကြီးတွေ မြင်သွားရင် အမြင်မှားနိုင်တယ်။ နှစ်ဦးနှစ်ဖက် ပဋိပက္ခမဖြစ်အောင် ရှောင်ရှားကြတာပေါ့” ဟု ဆက်သွယ်တောင်းဆိုခဲ့ကြောင်း SSA တပ်မဟာ ၁ နှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။
တဖက်၌လည်း နအဖစစ်တပ်သည် လားရှိုးဖက်မှ စစ်အင်အား ၁၀၀ ကျော် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေနှင့်မျက်နှာ ချင်းဆိုင် လားရှိုး-တန့်ယန်း-မိုင်းရယ်လမ်းခွဲ၏ တောင်ဘက်ခြမ်းသို့ အင်အားဖြည့်ပို့ဆောင်ထားကြောင်း စုံစမ်းသိရှိရသည်။
“လားရှိုး ဒုတိုင်းမှူး ဗိုလ်ချုပ်ကြီးလှမြင့် မိုင်းရယ်မှာလာထိုင်ပြီး စီမံကွပ်ကဲနေတာ။ အဓိကကတော့ရုတ်တရက်တိုက်ပွဲ ဖြစ်လာရင် တပ်မဟာ ၁ နယ်မြေကို ပိတ်ဆို့ဝိုင်းရံဖို့ စီစဉ်ညွှန်ကြားနိုင်အောင် ပေါ့” ဟုမိုင်းရယ်ဒေသခံတစ်ဦးကပြောပြ ပါသည်။
တပ်မဟာ ၁ ဌါနချုပ် ကေးသီးမြို့နယ် ၀မ့်ဟိုင်းနှင့် မလှမ်းမကမ်းတွင်လည်း တပ်အချို့ချထားမည် ဖြစ်ကြောင်း၊ တပ်မဟာ ၁ နှင့်ဆွေးနွေးညှိုနှိုင်း၍ရလျှင်ရ၊ အကယ်၍ မရလျှင် ချက်ချင်းပစ်ခတ်ဖို့ အသင့်ဖြစ်နေစေရန် ဗျူဟာမှူးများမှတဆင့် တပ်ရင်းမှူးအသီးသီးအား ညွှန်ကြားထားကြောင်း မိုင်းရယ်ဒေသခံက သျှမ်းသံတော်ဆင့်သို့ ပြောပြ၏။
မေ ရ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲ၌ ရပခဒုတိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးက တပ်မဟာ ၁ ကိုယ်စားလှယ်ကိုအားလုံးအသွင် မပြောင်းလိုသော်လည်း အင်အားတချို့ အယောက် ၂၀-၃၀ခန့် ပြည်သူ့စစ်ဝတ်စုံဝတ်ပြီး ဓါတ်ပုံရိုက်လျှင်လည်းရသည်ဟု ပြောကြားခဲ့သည်။
ဗိုလ်မှူးကြီးချစ်ဦးက ရွေးကောက်ပွဲအထိ ဗမာ့တပ်မတော်နှင့် ထိပ်တိုက်မဖြစ်ရန် အထူးရှောင်ရှားသတိထားရမည်ဖြစ် ကြောင်း၊ ထိပ်တိုက်ဖြစ်ခဲ့ပါက ဗမာ့တပ်မတော် အနေဖြင့် ခွင့်လွှတ်မည် မဟုတ်ကြောင်း၊ အင်အားသုံးဖို့ရန်လည်း အဆင့်သင့်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ သည်။
မေ ၉ ရက်နေ့၌ ဗိုလ်မှူးကြီးချစ်ဦးက အပစ်ရပ် သျှမ်းပြည် တပ်မတော် တပ်မဟာ ၁ တပ်မှူးထံ မေ ၁၂ ရက် နောက်ဆုံးထား၍ ဌာနေပြည်သူ့စစ်အဖြစ် လုံးဝ အသွင်ပြောင်းရေး အဖြေပေးရမည်ဟု အကြောင်းကြားခဲ့သည်။
ဗိုလ်မှူးကြီးက မေ ၁၁/၁၂ ရက်များ၌ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေသို့ လာမည်ဖြစ်ကြောင်း ပြောခဲ့သော်လည်း လာရောက်ခြင်းမရှိ၊ သတိပေးထားသော ဒက်လိုင်း နေ့ရက်ကျော်လွန်သော် လည်းထိုအကြောင်းကိစ္စတစုံတရာဖွင့်ဟ ပြောဆိုခြင်းမရှိဟု သိရှိရသည်။