နိုင်ငံခြားသားအမြောက်အများ လာရောက််လည်ပတ်သည့် သျှမ်းပြည်တောင်ပိုင်းရှိ အင်းလေးကန်ကြီးသည်ရာသီဥတု ပူပြင်း/မိုးရွာသွန်းခြင်းမရှိသဖြင့် ယခုနှစ်အတွင်း ရေများသိသိသာသာ ကျဆင်းလာကြောင်း စုံစမ်းသိရှိရသည်။
“လွန်ခဲ့တဲ့နှစ်နဲ့ အခုနှစ်အတွင်း ရေသိသိသာသာကျဆင်းလာလို့ စက်လှေတွေ မောင်းဖို့ခက်ခဲလာတယ်”ဟုဒေသခံ တစ်ဦးက ပြောကြားပါသည်။
ဖောင်တော်ဦးဘုရားသွားရေကြောင်းလမ်းတစ်လျှောက်တွင်လည်း ရေများခန်းခြောက်လျက်ရှိသည်ဟုစက်လှေမောင်း တစ်ဦးက ပြောကြားပါသည်။
အင်းလေးဖောင်တော်ဦးဘုရားဝန်းကျင်တွင် စံချိန်တင်လောက်အောင် ထူးထူးခြားခြားရေခန်းခြောက်လျက်ရှိကြောင်း လည်း စုံစမ်းသိရှိရသည်။
“ဖောင်တော်ဦးဘုရားအနီးဝန်းကျင်မှာ ရေခန်းခြောက်ပြီး ကုန်းမြေပေါ်လာတာကြောင့် စက်လှေပေါ် ကဆင်းပြီးဘုရား ရင်ပြင်တော်ပေါ် ပေ ၂၀-၃၀ လောက် လမ်းလျှောက်ရတယ်။ အရင်နှစ်တွေကဆိုရင် ဘုရားရင်ပြင်အထိစက်လှေဆိုက် နိုင်တယ်” ဟု ထိုစက်လှေသမားက ပြောပြပါသည်။
အလားတူပင် သျှမ်းပြည်တောင်ပိုင်း အချို့နေရာများတွင်လည်း ရေမလုံလောက်သည့် အခက်အခဲများကြံုတွေ့နေ ရသည်။ မြို့ရွာများရှိ မြစ်ချောင်းတွင်းကန်များ ရေခန်းခြောက်ကြောင်း သိရှိရသည်။
“လွန်ခဲ့တဲ့နှစ်ကစပြီး ရေရှားလာတဲ့အတွက်ကြောင့် ရေဖိုးလဲအတော့ကိုမြင့်တက်လာတယ်”- ဟုတောင်ကြီး မြို့နေ ဒေသခံတစ်ဦးက ပြောပါသည်။
အချို့ဒေသများတွင် မိုးရာသီရောက်ခါနီးသော်လည်း မိုးရိပ်မိုးယောင်မတွေ့ရကြောင်း၊ ရေတွင်းထဲက ရေသာမက မြစ်ချောင်းထဲကရေလည်း ခန်းခြောက်ကြောင်း လွိုင်လင်မြို့ခံသားတစ်ဦးက ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်းရှိ ကျေးလက်ဒေသလူထုသည် ရေရှားပါးမှုကြောင့် လွန်ခဲ့သောနှစ်မှစ၍ စပါး၊ မြေပဲ၊ပဲပုတ်၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူစသည့် အဓိက ကောက်ပဲသီးနှံစိုက်ပျိုးဖြစ်ထွန်းခြင်း မရှိချေ။
နအဖသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို လျစ်လျှူရှုပြီး သျှမ်းပြည်ရှိ သံယံဇာတ အမြောက်အများ ထုတ်ယူသုံးစွဲနေသောကြောင့်ဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှစိုင်းခေးဆိုင် က ဤကဲ့သို့ဆက်ပြောပြပါသည်။
“သျှမ်းပြည်တောင်ပိုင်းမှာ ဒီလိုပြဿနာတွေကြံုတွေ့နေရတာက ရေအားလျှပ်စစ်စီမံကိန်းနဲ့ သစ်တောတွေခုတ်လှဲတာ ကြောင့်ဖြစ်တယ်။ အခုဆိုရင် သစ်တောတွေပြုန်းတီးလုနီးနေပြီ”
အခြားသောနိုင်ငံများနှင့်ယှဉ်လျှင် မြန်မာနိုင်ငံတွင် စက်ရုံကြီးများ အနည်းငယ်သာရှိသော်လည်း နအဖကသစ်များကိုခုတ် ၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချပြီး ကိုယ်ကျိုးစီးပွါးအတွက် သုံးစွဲလွန်းသော ကြောင့်ဖြစ်သည်ဟုသူက ဆက်ပြော၏။
“သစ်တောတွေခုတ်တာ ၂-နှစ် ၃-နှစ် မကတော့ဘူး။ ဆယ်စုနှစ်လောက်ရှိပြီ။ နအဖကဒီလိုသာဆက်ပြီး ခုတ်နေမည် ဆိုရင် မြန်မာတနိုင်ငံလုံး သစ်တောတွေပြုန်းတီး ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်ရေရှားတဲ့ ပြဿနာပိုကြံုရဖွယ်ရှိတယ်”
သျှမ်းပြည်တွင် စီးပွါးရေးအတွက် သစ်တောများခုတ်ထွင်မှုသည် အဓိကပြဿနာဖြစ်ကြောင်း သျှမ်းသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးအဖွဲ့ စိုင်းခေးဆိုင်က ဆက်၍ပြောပါသည်။