၀ နယ်ထဲ တိုက်ပွဲဖြစ်လျှင် ယူနန်နယ်မှ စစ်သည် ၃ သိန်းကူညီမည်ဟု သတင်းပျံံ့

၀ နယ်ထဲ တိုက်ပွဲဖြစ်လျှင် ယူနန်နယ်မှ စစ်သည် ၃ သိန်းကူညီမည်ဟု သတင်းပျံံ့
ကိုးကန့်အရေးအခင်းမှ ရသည့်သင်္ခဏ်းစာကြောင့် ၀ နယ်အတွင်းသို့ နအဖ ကျူးကျော်ရန်စလာပါက ယူနန်နယ် တရုတ်စစ်သည်များ ဘီကင်းအမိန့်မစောင့်ဆိုင်းဘဲ အင်အား ၃ သိန်း ချက်ချင်းပို့မည်ဆိုသည့်သတင်း ၀ လူထုကြား ပျံ့နှံ့လျက်ရှိကြောင်း စုံစမ်းသိရှိရ...

ကိုးကန့်အရေးအခင်းမှ ရသည့်သင်္ခဏ်းစာကြောင့် ၀ နယ်အတွင်းသို့ နအဖ ကျူးကျော်ရန်စလာပါက ယူနန်နယ် တရုတ်စစ်သည်များ ဘီကင်းအမိန့်မစောင့်ဆိုင်းဘဲ အင်အား ၃ သိန်း ချက်ချင်းပို့မည်ဆိုသည့်သတင်း ၀ လူထုကြား ပျံ့နှံ့လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

“နယ်စပ် တရုတ်အာဏာပိုင်တွေနဲ့ ၀င်ဆန့်တဲ့အသိုင်းအဝိုင်းကတဆင့်  ၀ လူထုကြား သတင်းပျံ့နေတာကဗမာ တပ်တွေ ၀ နယ်ထဲ ကျူးကျော်တိုက်ခိုက်ခဲ့ရင် ကိုးကန့်လို အဖြစ်မခံတော့ဘဲ ချက်ခြင်းစစ်ကူပေးမယ်တဲ့” -   ပန်ဆန်းမြီု့ခံတဦးက ပြောပါသည်။

ဧပြီ ၂၈ ရက် အသွင်ပြောင်းရေးအစီအစဉ် တနှစ်ပြည့်သည့်နေ့နောက်ပိုင်း နယ်ခြားစောင့်တပ်၊ ဌာနေပြည် သူ့စစ် တပ်ဖွဲ့ အဖြစ်သို့ အသွင်ပြောင်းခြင်းမရှိလျှင် ဥပဒေပြင်ပအသင်းအဖြစ် အပစ်ရပ်တပ်ဖွဲ့များ ကြေငြာ ခံရမည်ဟု စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်က သတိ ပေးထားခဲ့၏။ လက်တွေ့တရားဝင်ထုတ်ပြန်ကြေငြာ ခြင်းမရှိသော်လည်း အမှန်တကယ်အကောင်အထည်ဖေါ်ပါက ၀ ပြည်သွေးစည်းရေးတပ်မတော်အနေဖြင့် ခုခံတိုက်ခိုက်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း- ၀ အရာ ရှိအသိုင်းအဝိုင်းမှ ကြားသိရပါသည်။

“ကျနော်တို့ကြားရတာက ယူနန်ပြည်နယ်က  တရုတ်ပြည်လုံခြံုရေးတပ်ဖွဲ့တွေပေါ့၊ တကယ်လို့ ၀ ကို နအဖကကျူး ကျော်တိုက်ခိုက်လာရင် ဘီကင်း အမိန့် မစောင့် တော့ဘဲ လက်နက်နဲ့အတူ စစ်အင်အားသုံးသိန်း ချက်ချင်းပို့လာပေး မယ်ဆိုပဲ။ ကိုးကန့်တုန်းက နအဖ ကျူးကျော်တဲ့လုပ်ရပ်ကို သူတို့လုံးဝမကျေနပ်ဘူး၊ အဲဒီလိုမျိုးလဲ အဖြစ်မခံတော့ဘူး ဆိုပဲ” - ပန်ဆန်းရောက် ဗမာအမျိုးသား တဦးကပြောပါသည်။

သို့သော် တရုတ်တပ်မှ စစ်အင်အားသုံးသိန်းချက်ချင်း စစ်ကူပေးမည်ဆိုသည့် ကိစ္စမှာမဖြစ်နိုင်ကြောင်း၊ ချန်းယွန် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ၀ လူထုအနေဖြင့် စားနပ်ရိက္ခာနှင့် လူအင်အားအချို့ ကူညီမည်ဆိုလျှင် ဖြစ်နိုင် သေးကြောင်း - အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ ဆက်ပြောပြပါသည်။

သီးခြားအတည်မြုပနိုင်သေးသည့်သတင်းအရ ချန်းယွန် ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကွန်မြူနစ်စစ်မှုထမ်း ဟောင်း အယောက် ၆၀၀ ခန့်  ၀ တပ်ဖွဲ့သို့ ပြန်လည် အမှုထမ်းနေကြောင်း၊ လိုအပ်သည့်ဌာနများ၌ အကြံပေးနေကြကြောင်း လည်း ကြားသိရပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်း စာရင်းပေးပို့ရန် ၀ တပ်ဖွဲ့ထံ ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့က လားရှိုး တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က စာရေးအကြောင်းကြား ခဲ့သည်ဟုဆို၏။ ၀ တပ်ဖွဲ့ကလည်း ပထမအကြိမ် တောင်း ဆိုချက် ၉ ချက်၊ ထို့ထက်လျော့ပေါ့ပြီး ဒုတိယအကြိမ်ထပ်မံတောင်းသည့်  ၈ ချက်မှ တပါးအခြားနည်းလမ်း မရှိတော့ကြောင်း၊ UWSA လားရှိူးရုံးတာဝန်ခံမှတဆင့် ချက်ချင်း ပြန်စာပေးပို့လိုက်သည်ဟု ဆို၏။

ထို့အတူ ၂၈ ရက်နေ့အထိ အသွင်ပြောင်း မည့်စာရင်းပေးပို့ ခြင်းမရှိက ဥပဒေပြင်ပ/တရားမဝင်အသင်း အဖွဲ့ အဖြစ် ကြေငြာသွားမည်ဟူသည့် အဆင့်မြင့် ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် ပြောဆိုသည့်အချက်ကြောင့် နအဖအပေါ် ယုံကြည်မှုမရှိတော့ကြောင်း၊ နောက်ပိုင်း နအဖထိန်းချုပ်နယ်မြေအတွင်း ကိုယ်စားလှယ် လွတ် ဆွေးနွေးမည့်အစီအစဉ် လည်းရှိမည်မဟုတ်ကြောင်း ၀ အရာရှိတဦးက ဤကဲ့သို့ပြောပြပါသည်။

“ပြင်သင့်ပြင်ထိုက်တဲ့ ပြင်ဆင်မှုတွေကတော့ ကျနော်တို့ဆက်လုပ်နေမှာဘဲ၊ နအဖ နယ်မြေထဲ ကိုယ်စားလှယ် လွတ်ပြီး ဆွေးနွေးတာတို့ ဘာတို့တော့ရှိတော့မှာ မဟုတ်ဘူး၊ ဆွေးနွေးချင်ရင်တော့ ကျနော်တို့နယ်မြေထဲသူတို့ကိုယ်စား လှယ်လာရမယ်၊ ကျနော်တို့တော့ သူတို့ကိုမယုံလို့ သွားမှာမဟုတ်တော့ဘူး” - ဟု ဆို၏။

ဧပြီ ၂၃ ရက် နအဖ စစ်တိုင်းမှူးထံပြန်စာပေးပို့ပြီးနောက်ပိုင်း ယနေ့တိုင် နအဖ နှင့် ၀ တပ်ဖွဲ့ ထပ်မံ တွေ့ဆုံ ဆွေးနွေးခြင်းလည်း တကြိမ်တခါမျှမရှိသေးပေ။

Most read this week